ကသာမြို့တွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးက မြစ်ကမ်းဘေးမှ ပြည်သူများကို ရမ်းသမ်းပစ်ခတ်

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်၌ ဗန်းမော်တို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးမှ ရမ်းသမ်းပစ်ခတ်သောကြောင့် ကမ်းတွင် ရေချိုးနေသော ဒေသခံပြည်သူများ ထွက်ပြေးခဲ့ရကြောင်းသိရသည်။

ကသာမြို့တွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးက မြစ်ကမ်းဘေးမှ ပြည်သူများကို ရမ်းသမ်းပစ်ခတ်

 

စစ်ကောင်စီတပ်သည် သင်္ဘောပေါ်မှ ကမ်းပေါ်တွင် ရေချိုးနေသောပြည်သူများကို ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ထွက်ပြေးခဲ့ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“သင်္ဘောပေါ်ကနေ ရမ်းပစ်တာ။ သူတို့ကို ဘယ်သူမှပစ်တာမရှိဘူး။သူတို့ချည်းပစ်တာ။ ကျွန်မတို့ကရေချိုးသွားတာဟုတ်တယ်။ ဆိပ်မှာချိုးတဲ့သူတွေက ၂၀ အထက်လောက်ရှိတယ်။ အားလုံးလည်း သင်္ဘောပေါ်ကနေ ပစ်လာတော့ ထွက်ပြေးခဲ့ရတာ” ဟုပြောသည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမဟုတ်ဘဲ စစ်ကောင်စီသင်္ဘောပေါ်မှ တစ်ဖက်တည်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရွှေကူမြို့မှ ဒေသခံတစ်ဦးက The 74 media ကိုပြောသည်။
“တစ်ဖက်တည်းကပဲ ပစ်နေတာ။ မိုးတားမှာ ရေချိုးတဲ့သူတွေတောင် တက်ပြေးကြတယ်။ သေနတ်တွေနဲ့လည်း ပစ်တယ်”ဟု ရွှေကူမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ သင်္ဘောသည် ယခင်သွားနေကျ ရေကြောင်းလမ်းအတိုင်းသွားခြင်းမဟုတ်ဘဲ ရေကြောင်းလမ်းပြောင်းပြီး သွားနေတာဖြစ်ကြောင်း သူကဆက်ပြောသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်များက အင်အားဖြည့်တင်းရန် ရေလမ်းကြောင်းကို အသုံးပြုလျက်ရှိကာ မကြာခဏတိုက်ခိုက်ခံရသည်။

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ