မံစီ

ကချင်ပြည်နယ် မံစီမြို့နယ် နာဇရက်ရပ်ကွက်တွင် ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ကျောင်းသွားပို့သောပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ကားကို လက်နက်ကြီး ပစ်ခတ်ရာမှ ကလေးကျောင်းပို့ရန် ဆိုင်ကယ်မောင်းနှင်လာသည့် ပြည်သူတစ်ဦး လက်နက်ကြီးစနှင့် သေနတ်ထိမှန်ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းသွားပို့နေတာတဲ့ အဒေါ်ဖြစ်သူက သူ့တူမကို လက်နက်ကြီးက လက်မှာထိတာ လက်နက်ငယ်က ကျောမှာထိထားတယ်။ သူ့တူမကတော့ ဆိုင်ကယ်လဲ သွားတဲ့ အရှိန်နဲ့ ပွန်းသွားတာလောက်ဘဲ သူ့အဒေါ်ကတော့ လက်နက်ကြီး လက်နက်ငယ် ထိတော့ မေ့သွားတယ်၊ အခု operation ဝင်ရမယ်ပြောတယ်။” ဟုသူကပြောသည်။
အမျိုးသမီးမှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး တူမဖြစ်သူ မူလတန်းကျောင်းသူကို ကျောင်းသွားပို့ချိန်တွင် လက်နက်ကြီးစနှင့် သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် မေလ ၂၄ ရက်နေ့က အသက် ၁၄ နှစ်အရွယ် မောင်အောင်ဒီး လက်နက်ကြီးစထိမှန် ကျဆုံးခဲ့သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ