မင်းတပ်တိုက်ပွဲတွင် CDF အဖွဲ့ဝင်သုံးဦးကျဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ရှိ ရွှေအောင်သာရွာတွင် ယမန်နေ့ ဇွန်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ပြည်သူကာကွယ်ရေးတပ် CDF တပ်ဖွဲ့ဝင် သုံးဦးနှင့် ပြည်သူသုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မင်းတပ် ရွှေအောင်သာရွာတွင် ယမန်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာမှ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူများ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“မနေ့ည ၈ ခွဲလောက်မှ နားတယ် စစ်မျက်နှာဖွင့်တာ များလို့ ထိတဲ့သူများတယ်။ ပြည်သူ့ကာကွယ်ရေးတပ်က သုံးယောက်ကျတယ် ဒဏ်ရာရက ငါးယောက်ရှိပြီ။ ပြည်သူက သုံးယောက်သေတယ် ဒဏ်ရာရတဲ့သူလည်း များတယ်။ စစ်တပ်က စစ်ရှောင်တွေရဲ့ ဆန်အိတ် ၇၀၊ ဆီ၊ ဆား အကုန် သိမ်းပေးလိုက်တယ်” ဟု သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဒေသခံပြည်သူများထံသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
“တစ်နေ့က စစ်ဘေးရှောင်တွေအတွက် ဆန်အိတ် ၃၀၀ တင်လာတာကို စစ်ကားနှစ်စီးနဲ့ လိုက်လာကြတာ။ အချိန်မှီလေးတော့ လွတ်သွားတယ်။ အဲ့ဒါမနက် စစ်အင်အားရာချီနဲ့ ပြန်လိုက်လာကြတယ်ကြားလို့ လူငယ်တွေ အကုန်ဆင်းသွားကြတာ။ တက်လာမယ့် စစ်ကောင်စီတွေကို တားဖို့ပေါ့”ဟုသူကပြောသည်။
တိုက်ပွဲပြင်းထန်၍ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူ များပြားသောကြောင့် “သေနတ်ကောင်းကောင်းရှိရင်” ဟုသာ ညည်းတွားနေကြကြောင်း သူကဆက်ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မေလ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ