ဒီးမော့ဆိုရှိ ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်များ တပ်စွဲထား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စံပြ(၆) မိုင်ကျေးရွာရှိ လုဒ်မယ်တော်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီးမော့ဆိုရှိ ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်များ တပ်စွဲထား

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုရားကျောင်းတွင်အင်အားများစွာနှင့် တပ်စွဲထားသည့်အပြင် အနီးအနားဝန်းကျင်ရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မအလတွေ မနေ့က လေယာဉ်တွေ ခဏခဏတက်ဆင်းနေကြတာ။ တပ်စွဲထားတဲ့နေရာကို အရင်ယူထားတဲ့သဘောပဲဗျာ။ ပန်းရောင်ဘုရားရှိခိုးကျောင်းပတ်ဝန်းကျင်က အိမ်ခြောက်လုံးထက်မက မီးရှို့ခံရတယ်” ဟု ပြောသည်။
စစ်ကောင်စီများတပ်စွဲထားသည့် လုဒ်မယ်တော်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းသည် ရေစက်ချဖွင့်ပွဲမလုပ်ရသေးသည့် ဘုရားရှိခိုးကျောင်းအသစ်ဖြစ်သည်ဟု သိရသည်။
ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာရှိ အဆိုပါ ဘုရားကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ စနိုက်ဘာသေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ယမန်နေ့က PDF တစ်ဦးကျဆုံးသွားခဲ့သည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန် တိုက်ခိုက်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ