စစ်ကောင်စီ၏ တိုက်လေယာဉ်ဗုံးဒဏ်ကြောင့် တနိုင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တလူးကျေးရွာတွင် ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီ၏လေယာဉ်က ကြဲချသည့် ဗုံးကြောင့် အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အချို့ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်းပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလေယာဉ်၏ လက်နက်ကြီး ထိမှန်ခဲ့သော အိမ်သည် ကုန်စုံဆိုင်နှင့်အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ ရောင်းချသောဆိုင်ဖြစ်ပြီး အိမ်ရှင်အမျိုးသမီး ဗိုက်တွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသွားသူ၏ ဆွေမျိုးတစ်ဦးက The 74 Media ကို ပြောသည်။
“သွင်ခုံကိုထိတာ စင်ပီးတော့ကျွန်မ အမျိုးရဲ့ ဗိုက်ကိုလာမှန်သွားတယ်၊ နေ့လည်တုန်းကထိတာ ညနေပိုင်းမှာ ဆုံးသွားတာ၊ ဗုံးတွေလည်း အဆက်မပြတ်ချတာ” ဟု ပြောသည်။
ထို့အပြင် သေဆုံးသွားသူ၏ ညီမဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့၏အိမ်ရှေ့မှ စားသောက်ဆိုင်နှင့် ရွှေဆိုင်လည်း ပျက်စီးသွားသည်ဟု သူကဆက်ပြောသည်။
တလူးကျေးရွာတွင် ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် KIA စစ်သည်တစ်ဦး ကျဆုံးခဲ့ပြီး မေလ ၂၉ ရက်နေ့ကလည်း လေယာဉ်ဖြင့် ငါးကြိမ်လာရောက် ဗုံးကြဲခဲ့ခြင်းကြောင့် စာသင်ကျောင်းတစ်ခု ပျက်စီးသွားခဲ့သည်။
တနိုင်းချောင်းအောက်ဘက်ရှိ တလူးကျေးရွာသည် လူဦးရေ သုံးရာဝန်းကျင်နေထိုင်ပြီး ကေအိုင်အေနှင့်စစ်ကောင်စီတို့ ယခင်က တစ်လှည့်စီ ထိန်းချုပ်သော ဒေသဖြစ်ကာ လက်ရှိအချိန်တွင်မူ ကေအိုင်အေက ထိန်းချုပ်ထားကြောင်း သိရသည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ