အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ရေကြီးရေလျှံမှုကြောင့် သောက်ရေခက်ခဲနေ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဘွမ်ရာယန် စစ်ရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး သောက်သုံးရေများခက်ခဲနေသည်ဟု စစ်ရှောင်များထံမှ သိရသည်။

အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ရေကြီးရေလျှံမှုကြောင့် သောက်ရေခက်ခဲနေ

 

လက်ရှိအချိန်သည် မိုးရာသီဖြစ်သည့်အတွက် စခန်းတွင် ရေကြီးနေကာ နေပြီး သောက်သုံးရေအတွက် ပိုက်သွယ်ယူလည်း အလုပ်မဖြစ်ကြောင်း ဓမ္မဆရာတစ်ဦးက The 74 Media ကိုပြောသည်။
“မိုးကျပြီဆိုတာနဲ့ သောက်ရေအတွက်ကခက်တာ၊ တောင်ကျရေကို ပိုက်နဲ့သွယ်ပြီးတော့ လုပ်ရင်လည်းမထူးဘူး” ဟု ပြောသည်။
သောက်သုံးရေများခက်ခဲနေသည့်အပြင် ငှက်ဖျား၊ တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသူများလည်းရှိသည်ဟု သူကဆက်ပြောသည်။
နာမကျန်းဖြစ်နေသူ မည်မျှလောက်ရှိသည်ကို The 74 Media က ဆက်လက်စုံစမ်းနေသည်။
စစ်ရှောင်စခန်းတည်ရှိရာဒေသမှာ မိုးများသည့်ဒေသဖြစ်သည့်အတွက် သွားရောက်ကူညီရန်အတွက်လည်း လမ်းခရီးခက်ခဲနေကြောင်း လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“အဲ့နေရာမှာက မိုးကျပြီဆိုတာနဲ့ ရေကကြီးတာပေါ့၊ အဲ့ဒီဒေသမှာက မိုးအရမ်းများတယ်၊ ရေကတော်တော်နဲ့ပြန်မကျဘူးပေါ့၊ အခုသူတို့အတွက် လိုအပ်တဲ့ဆေးဝါးတွေဘာတွေသွားပို့ဖို့လည်း လမ်းခရီးက အရင်ကထက် သုံးလေးငါးဆလောက်ကို ခက်နေပြီ” ဟု ပြောသည်။
စစ်ကောင်စီနှင့် ကေအိုင်အေအဖွဲ့၏ တိုက်ပွဲကြောင့် ဘွမ်ရာယန်စစ်ရှောင်ပြည်သူများသည် မတ်လ ၁၅ ရက်နေ့ကတည်းက ၎င်းတို့၏ ကျေးရွာများစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၁ စုနှင့် လူဦးရေ စုစုပေါင်း ၅၅၉ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ