နန်းမားတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသော အမျိုးသားသေဆုံး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန်းမားမြို့တွင် ယမန်နေ့နံနက် ၆ နာရီခန့်က
သေနတ်ဖြင့် ပစ်ခံရသော အမျိုးသားသည် ယနေ့ ဇွန်လ ၂ ရက် နံနက် ၁၀ နာရီတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

 

နန်းမားမြို့ အောင်မင်္ဂလာ ရပ်ကွက်တွင် နေထိုင်သော ဦးအေးမင်း အသက် (၄၉) နှစ်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး
မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင်
သေဆုံးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဒီမနက် စစ်ဆေးရုံမှာ ဆုံးသွားပါပြီ၊ ညနေကတော့ သူ့အခေါင်းချထားတာ တွေခဲ့တယ်တဲ့၊ ဆန်ကူတောင် မသွားရဲကြဘူး။
ဆန်ကူ ဆိုတာက တစ်ယောက်ယောက် ဆုံးရင် ရပ်ကွက်ကတွေ ဆန်တွေ ပိုက်ဆံတွေ အလှူငွေထည့်တာပေါ့” ဟု သူက ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူဖြစ်ကြောင်း သူက ဆက်ပြောသည်။
“သူက စစ်ဘက်နဲ့ အဆက်သွယ် ရှိတယ်။ အရင်က ညဘက် ညသပိတ် လုပ်ရင် တိုင်တယ်၊
ဆန္ဒပြတာတွေကိုတိုင်တာပေါ့၊ သူ့နာမည်က တော်တော် ထွက်တယ် လူတိုင်းလိုလို သိတယ်” ဟု ပြောသည်။
ဦးအေးမင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နီးစပ်မှုကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ကချင်ပြည်နယ် အနှံ့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီထံ သတင်းပေးသူများနှင့် NLD ပါတီနှင့် နီးစပ်သည့်
အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်သူများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။
ဓါတ်ပုံ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ