လွိုင်ကော်မှ စစ်ရှောင်အချို့ လိုအပ်သည့်အကူအညီမရသဖြင့် အခက်အခဲကြုံနေ
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ စစ်ပွဲတိမ်းရှောင်နေကြသည့် ပြည်သူအချို့သည် အကူအညီများ မရရှိသောကြောင့်
အခက်အခဲနှင့် ကြုံနေရသည်ဟု ထွက်ပြေးတိမ်းရှောင်နေသူများထံမှ သိရသည်။

 

 

စတင် ထွက်ပြေးတိမ်းရှောင်သည့် မေ ၂၂ ရက်နေ့ မှစတင်ပြီး စားနပ်ရိက္ခာနှင့်
သောက်သုံးရေများကို စစ်ကောင်စီတပ်များရှိသည့် ရွာသို့ပြန်ယူရကာ
အကူအညီများ မရရှိသောကြောင့် အခက်အခဲနှင့် ကြုံနေရသည်ဟု
ကုန်းသာရွာမှ ထွက်ပြေးတိမ်းရှောင်သူတစ်ဦးက The 74 Media ကို ပြောသည်။
“အခုပဲရိက္ခာသွားယူတာဟုတ်တယ်၊ အခုကျွန်တော်တို့ရှိတဲ့နေရာကတော့ လုံးဝကိုမရောက်တာ၊
တခြားနေရာတွေကတော့ရောက်တယ်လို့ပြောတယ်၊ ဒီမှာက ရေတွေဘာတွေလည်းခက်ခဲလို့လေ၊
ဖျားတဲ့သူတွေလည်းရှိတယ်၊ တုပ်ကွေးတွေဖြစ်နေတယ်” ဟုသူကပြောသည်။
စစ်ရှောင်များတွင် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများပါဝင်ပြီး
အခြားနေရာသို့ ပြောင်းရွှေ့ရန် ခက်ခဲသောကြောင့် တောထဲတွင်သာ အုပ်စုဖွဲ့၍ နေထိုင်နေကြခြင်းဖြစ်သည်ဟု သူကပြောသည်။
စစ်ရှောင်နေရသူများအတွက် ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းအား
ဆက်သွယ်မေးမြန်းကြည့်သော် “လှူတာမိရင်ဖမ်းတယ်၊ ဒီတိုင်းသွားလို့မရဘူး” ဟုသာပြန်လည်ဖြေကြားခဲ့သည်။
အချို့သောကျေးရွာထဲတွင် စစ်ကောင်စီတပ်များရှိနေပြီး သေနတ်ပစ်ခတ်သံများလည်း ကြားနေရသောကြောင့် ဟုဆိုကာ
ယမန်နေ့တွင် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်း ၂၀ ကျော်ရှိသည်ဟုသူကဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့သည် လွိုင်ကော်၊ ကုန်းသာ၊ ကောခူ နှင်မိုးဗြဲတို့တွင်
နေရာကွက်ကြား နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူ အများအပြားကလည်း ထွက်ပြေး တိမ်းရှောင်နေရသည်။
ဓါတ်ပုံ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ