ကသာမြို့နယ် ကျေးရွာအချို့မှ ပြည်သူများ ညအချိန် ရွာနှင့်ဝေးရာသို့ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားကျေးရွာနှင့် ရွာအနီးတဝိုက်မှ ရွာသားများသည် စစ်ကောင်စီက

လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မည်ကို စိုးရိမ်သောကြောင့် ညအချိန် ယာခင်းများနှင့်

အဝေးမှ နီးစပ်ရာ ဆွေမျိုးနီးစပ်ရာနေအိမ်များတွင် သွားအိပ်ကြကြောင်း သိရသည်။

 

 

မိုးတားကျေးရွာနှင့် အနီးအနားရှိရွာများမှ ပြည်သူတို့သည် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

အများအပြားရောက်ရှိလာသဖြင့် လုံခြုံရေး စိုးရိမ်သောကြောင့် ပြောင်းရွှေ့နေကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးတားကြီးအထက်ရွာရောအောက်ရွာရောရွေ့အိပ်ကြတာ။

အသေချာတော့မသိပေမယ့် ၆၀၀ ကျော်လောက်ရှိတယ်။

ပြောရရင် စစ်ဘေးရှောင်နေရသလိုပဲ။ ကျွန်တော်တို့လည်းပြောင်းပြီးအိပ်ကြတာ။

စစ်သားတွေတက်လာတယ်ကြားတော့ တိုက်ပွဲဖြစ်မှာ စိုးလို့။” သူကပြောတယ်။

ကသာမြို့နယ် မိုးတားကျေးရွာ အနီးတဝိုက်တွင် မေလ ၃၁ရက်နေ့ ညနေ ၅နာရီခန့်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်းသူက ဆက်ပြောသည်။

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည် “မိုးတားလေးတိုက်နယ်ကြီးတွင်ပါဝင်သော

ကျေးရွာများမှ ကျေးရွာသူ/သားများအနေဖြင့်မိမိတို့၏ကျေးရွာများကိုစွန့်ခွာ၍ မထွက်သွားကြရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

ပြည်သူများမရှိလျင် စစ်ကောင်စီတပ်နှင့် တပ်ဖွဲ့ဝင်များမှ ခိုးဆိုး/ လုယက်/ ဖျက်ဆီးမူ့များ ပြုလုပ်မည်ဖြစ်သောကြောင့်

ကျေးရွာများသို့အမြန်ပြန်လာကြစေလိုပါသည်” ဟု ၎င်းတို့၏ လူမှုကွန်ဘက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် မေလ ၃၀ရက်နေ့၌လည်း ကသာမြို့နယ် မိုးတားလေး ကျေးရွာတွင် ကေအိုင်အေနှင့်

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ