ပူတာအိုလေဆိပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေအတည်ပြု

ကချင်ပြည်နယ် ပူတာမြို့နယ်ရှိ ပူတာအိုလေဆိပ်တွင် ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၂ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် KIA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက အတည်ပြုပြောကြားသည်။

ကေအိုင်အေတပ်မဟာ ၁၊ တပ်ရင်း ၇ မှ ရဲဘော်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အေ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“ဒီနေ့မနက် ၂ နာရီခွဲလောက်မှာ ပူတာအို ‌လေဆိပ်မှာ လက်နက်ကြီးနဲ့ သွားပစ်တယ်၊ လေဆိပ်က ရုံးအဆောက်အအုံ တစ်ခု ပျက်စီးသွားတယ် ပြောတယ် အထိအခိုက်ရှိ မရှိတော့ မသိသေးဘူး။” ဟု သူကပြောသည်။
ကေအိုင်အေမှ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ် တပ်ရင် ၄၆ တပ်စခန်းအာ မေလ (၂၈) ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဆွမ်ပီယန်ကျေးရွာသို့ ဆင်းလာသော တပ်ရင်း (၄၆) စစ်ကြောင်းကိုလည်း တာဆီးပစ်ခတ်မှုများ ရှိခဲ့သည်။
ပူတာအိုမြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လွှမ်းမိုးမှုရှိသည့် ဒေသဖြစ်သည်။

– Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ