ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယနေ့ည ၉ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်များသည် လက်နက်ကြီးများပစ်ခတ်ပြီး ရပ်ကွက်တွင်း၌ သေနတ်များ လက်နက်ကြီးများဖြင့် ရမ်းတမ်းပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ရွှေကူမြို့နယ် မိုးစစ်ကျေးရွာမှ လက်နက်ကြီးများ ပစ်ခတ်နေပြီး ရွှေဂဲကုန်း ရပ်ကွက်တွင်း၌လည်း စစ်ကောင်စီတပ်များ သေနတ်ရမ်းတမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” မိုးစစ်‌ရွာ‌မှာတပ်စွဲထားတဲ့ တပ်မ ၈၈ က မိုးစစ်ကျေးရွာနောက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ ငါးချက်လောက် ဟုတ်တယ်။ ပြီးတော့ မိုးစစ်ရွာရဲ့ မြစ်တစ်ဘက်ကမ်း ရွှေဂဲကုန်း ရဲစခန်းကလဲ သေနက်တွေနဲ့ အဆက်မပြက်ပစ်နေတာ အချက် ၃၀ လောက်ရှိပြီ” ဟုသူကပြောသည်။
ရွှေကူမြို့နယ် ရွှေဂဲကုန်းရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်ရင်း ၆၀၂ နှင့် ခလရ ၅၆ တပ်များရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်များက ယခုလ မေလအတွင်း စစ်အင်အားဖြည့်တင်းမှုများပြုလုပ်ပြီး ရွှေကူမြို့နယ် နေရာအနှံ့တွင် တိုက်ပွဲများ၊ ပေါက်ကွဲမှုများ မကြာခနဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ