ဒီးမော့ဆိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွါး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့မေလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား နေရာ နှစ်ခုတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကယားပြည်သူ့ကာကွယ်ရေးတပ်က ငွေတောင်ကျေးရွာရှိ အမှတ် ၁၀၂ အမြောက်တပ်နှင့် ဒီးမော့ဆိုမြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီည PDF က ၁၀၂ တပ်ကို သိမ်းတာ ငွေတောင်ကျေးရွာက တပ်လေ၊ အဲဒါကြောင့် မနေ့က ပစ်တဲ့ အမြောက်တပ်နဲ့ ၂၆၁ နဲ့ ပေါင်းပြီး ပြန်ပစ်တာ” ဟုသူက ပြောသည်။
ဒီးမော့ဆိုရဲစခန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အခြားဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ည ၇ နာရီခွဲလောက်က ဒီးမော့ဆို ရဲစခန်းမှာ အပြင်းအထန်တိုက်နေကြပြီ” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်သူ ရှိ၊ မရှိ ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကယားပြည်နယ်ရှိ မြို့နယ်အချို့နှင့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ နေရာအချို့တွင် ကယားပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့သည်။

စစ်ကောင်စီတပ်က ပြည်သူအချို့ကို ပစ်ခတ်ခဲ့သဖြင့် သေဆုံး ဒဏ်ရာရသူများလည်း ရှိသည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ