လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ မေလ ၂၇ ရက်နေ့ညမှစတင်ပြီး တပ်စွဲထားကြောင်းသိရသည်။

လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထား

အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားပြီး ဆေးရုံကြီးရှေ့မှ ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်းနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့ကြောင့် ဒဏ်ရာရသူတွေလာကုမယ်ထင်လို့ စောင့်နေတာထင်တယ်။ ဒေသခံအချင်းချင်းကတော့ လိုအပ်ရင် ဆေးခန်းပဲသွားပြလို့တော့ပြောနေကြတယ်။ လမ်းသွားလမ်းလာတောင် အရမ်းစစ်ဆေးနေတယ်။ ဆေးရုံကြီးရှေ့ကနေ ဖြတ်တဲ့သူတွေကို ဖုန်းတွေစစ်တယ်။ တချို့ကိုဆို ဒူးတောင်ထောက်ခိုင်းတာတွေ့တယ်” ဟုသူကပြောသည်။
ကယားပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်‌ကောင်စီတပ်တို့ကြား မေလ ၂၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိပြီဖြစ်သည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသည့် အချိန်မှ စတင်ပြီး ယနေ့ အချိန်ထိ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၂၃)ဦး၊ ဖမ်းဆီးခံရသူ (၉၀) ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ကျော်ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ