ရိက္ခာပို့သူလူငယ်နှစ်ဦးကို စစ်ကောင်စီပစ်ခတ်သတ်ဖြတ်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငူးပလော့ ရပ်ကွက်ရှိ စိန်ဂျိုးဇက် ဘုရားကျောင်းမှ စစ်ရှောင်စခန်းသို့ ရိက္ခာပို့ကူနေသော လူငယ်နှစ်ဦး မေလ ၂၆ ရက်နေ့ ညနေ ၆ နာရီကျော်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်းသိရသည်။

စစ်ရှောင်စခန်းသို့ စားနပ်ရိက္ခာပို့နေသူ ကယန်းလူမျိုး ပက်ထရစ် အသက် ၂၀ နှစ် နှင့် ဂျွန်အက်ထရက် အသက်၂၁ နှစ်တို့ကို ယမန်နေ့ညနေ ၆နာရီခန့်တွင် စစ်ကောင်စီက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့နှစ်ဦး၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက The 74 Media ကိုပြောသည်။
“ဘုရားကျောင်းကနေ စစ်ရှောင်စခန်းကိုရိက္ခာ သယ်သွားတာ သူတို့နှစ်ယောက် ပစ်သတ်ခံထားရတာ လမ်းဘေးမှာ။ မိသားစုနဲ့ အဆက်သွယ်မရသေးဘူး အခုထိ ဖုန်းက စစ်ကောင်စီတွေ သိမ်းသွားတာ ဖုန်းပါသွားတာ အဲ့ဒါနဲ့ အိမ်ကို ဆက်သွယ်လို့လည်းမရဘူး သူတို့ရဲ့ မိသားစုတွေကို ရှာနေတုန်းဘဲ အခုထိ” ဟုသူကပြောသည်။
ပစ်သတ်ခံခဲ့ရသော လူငယ်နှစ်ဦး၏ ရုပ်ကလာပ်ကို ယနေ့ မေလ၂၇ ရက်နေ့တွင် ဒေသခံများမှ မြေမြှုပ်သဂြိုလ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်တွင် နှင့် ရှမ်း-ကယားနယ်စပ်ဒေသ ရှမ်းပြည်နယ် တောင်ပိုင်း တို့တွင် မေလ ၂၁ရက်နေ့မှ စတင်ကာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေအသုံးပြုပြီး ပစ်ခတ်နေသောကြောင့် ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးတိမ်းရှောင်သူဦးရေ ငါးသောင်းအထက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ