ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် မေလ ၂၂ ရက်နေ့မှ ကျောင်းစတင်လက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့်ရှိသော ချီဖွေအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူ ၁၃ ဦးရှိကြောင်းသိရသည်။

ချီဖွေမြို့ရှိ အထက ချီဖွေကျောင်းတွင် တာဝန်ကျဆရာမများသည် အရပ်ဝတ်ဖြင့်တာဝန်ထမ်းဆောင်ကြပြီး ရဲနှင့် စစ်သားများက လုံခြုံရေးယူထားပေးသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အထကချီဖွေမှာတော့ ကျောင်းသား ၄၀၀ ကျော် ၅၀၀ လောက်ကနေ ၁၃ ယောက်လာအပ်တယ်၊ အစောင့်တွေရှိတယ် ရဲနဲ့ စစ်သားနဲ့ ရပ်ကွက်မှူးတွေပေါ့ ဆယ်အိမ်မှူးတွေ ရှိတယ် မီးသတ်လည်းရှိတယ်” ဟု ပြောသည်။
ထို့ပြင် ချီဖွေမြို့နယ်ရှိ စစ်ရှောင်စခန်းမှ ကျောင်းသားမိဘများတွင်လည်း ကျောင်းအပ်နှံသူရှိကြောင်း စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ရပ်ကွက်ထဲက အ.မ.က စစ်ရှောင်ကျောင်းတွေမှာ အပ်တဲ့သူတော့ ရှိတယ်၊ အ.မ.က ကျောင်းတွေက များတယ် စစ်ရှောင်တွေနဲ့ တွဲထားကြတယ်၊ ကျေးရွာ နှစ်ရွာ သုံးရွာပေါင်းပြီးမှ ကျောင်းဖွင့်ထားတာရှိတယ်။ လက်ခံတဲ့ ဆရာ၊ ဆရာမ လေး၊ ငါးယောက်လောက်ရှိတယ် Non CDM ဆရာ ဆရာမတွေပေါ့” ဟု ပြောသည်။
အချို့ကျောင်းသားမိဘများမှာ ကျောင်းအပ်နှံမှုများ ပြုလုပ်နေပါသော်လည်း အချို့သော ကျောင်းသား မိဘများမှာတော့ စစ်အာဏာရှင်လက်မှ အာဏာပြန်မရမချင်း ကျောင်းမထားဘူးဟု ပြောဆိုနေသူများလည်း ရှိသည်။
ချီဖွေမြို့ရှိကျောင်းအများစုတွင် ကျောင်းအပ်နှံသူနည်းပါးသော်လည်း ဘာလဲ့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းခန့် ကျောင်းအပ်နှံခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ချီဖွေမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၇၀ ကျော်ရှိပြီ CDM ပြုလုပ်သည့် ဆရာ/ ဆရာမ ပေါင်း ၁၈၀ ဦးခန့် ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ