ဖားကန့်မြို့နယ်ရှိ စာသင်ကျောင်း

အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများကို မေလ ၂၄ ရက်နေ့မှစ၍ စတင်ရန် စစ်ကောင်စီ မှ ညွှန်ကြားထားသော်လည်း ဖားကန့်မြို့နယ်ရှိ ကျောင်းပေါင်း ၁၈၀ ကျော်တွင် ကျောင်းလာအပ်သည့် ကျောင်းသားဦးရေမှာ ၂၀ဦး ဝန်းကျင်သာရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် အချို့ကျောင်းများသည် ကျောင်းလာအပ်သူ အနည်းငယ်ရှိသော်လည်း အချို့ကျောင်းများတွင်မူ ကျောင်းလာအပ်သူ တစ်ဦးမှ မရှိသောကြောင့် ပိတ်ထားရကြောင်း အမည်မဖော်လိုသူ ကျောင်းအုပ်တစ်ဦးမှ The 74 Media ကို ပြောသည်။
“ဖားကန့် အထက ကျောင်းမှာက ၃ /၄ ယောက် လာအပ်တယ်လို့ ကြားတယ်၊ လာအပ်တဲ့ သူတွေက ရဲသားသမီးတွေပဲ ၊ တခြားကျောင်းတွေမှာက အပ်တဲ့သူ မရှိဘူး ၊ ရှရောခတို့ မရှီကထောင်တို့ လုံးခင်းတို့ဆို လုံးဝကို ပိတ်ထားတာ ၊ ကျောင်းအပ်လက်ခံပေးမယ့် သူလည်း မရှိဘူး ၊ ဆရာမကြီးတွေကကို မရှိတာ” ဟု ပြောသည်။
စစ်ကောင်စီ ဦးဆောင်သော ပညာရေးစနစ်တွင် ကျောင်းသားမိဘများမှလည်း ကျောင်းမထားလိုသည့်အပြင် Non-CDM ဆရာ၊ ဆရာမများကိုလည်း ရပ်ရွာအချို့တွင် လက်မခံကြောင်း သူက ဆက်ပြောသည်။
“ဖားပြင်လိုကျောင်းမှာ Non CDM ဆရာမတွေက ကျောင်းကို မလာရဲဘူး ဘာလို့ဆို အဲ့ရွာက ရွာသားတွေကိုယ်တိုင်က မောင်းထုတ်မယ်လို့ကို ပြောတာ။ အဲ့တာကြောင့် ဘယ်သူမှ မသွားရဲဘူး ၊ စစ်ကောင်စီကတော့ အဲ့ဆရာမတွေကို ပြန်ပြီး ဖိအားပေးတာတွေ ရှိမရှိတော့ မသိဘူး ၊ တစ်ချို့ Non-CDM တွေက သူတို့ ဇာတိကို ပြန်သွားကြတယ် ၊ ဖားကန့် ပြန်မလာ ရဲကြဘူး ၊ ကျောင်းငယ်တွေဆို ပိတ်ထားရတယ်” ဟု သူက ပြောသည်။
ဖားကန့်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်းများကိုလည်း စစ်ကောင်စီမှ ရာထူးမှ ထုတ်ပယ်မှုများ ပြုလုပ်ထားသည်။
ဖားကန့်မြို့နယ်တစ်ခုလုံးတွင် စာသင်ကျောင်း စုစုပေါင်း ၁၈၀ ကျော် ရှိပြီး ယခင်နှစ်များက ကျောင်းသားဦးရေ ၈ ထောင်နီးပါးရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။

ဖားကန့်မြို့တွင် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှစ၍ မေလအထိ ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ