လွိုင်ကော်မြို့

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်အချို့တွင် ယနေ့မွန်းလွဲ တစ်နာရီကျော်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အချို့တွင် ကင်းလှည့်နေပြီး လမ်းပေါ်ထွက်လာသူများကို ပစ်ခတ်နေသည့်အပြင် ပေါ်တာဆွဲနေကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပေါ်တာလိုက်ဆွဲတာက အမှန်ပဲ။ ပန်ကန်းဖက်မှာစဆွဲတယ်။ ပြီးတော့ မိုင်းလုံးဖက်၊ ဒေါဥခူဘက် ပြန်ရောက်လာတယ်။ ကျွန်တော်တို့ဘေးရပ်ကွက်က အထုတ်တွေနဲ့ အကုန်ပြေးဆင်းလာပြီ။ အခု ရပ်ကွက်တိုင်းမှာ စစ်ကောင်စီဘက်က ကင်းပုန်းနေပြီးတော့ ထွက်တာတွေ့ရင် ပစ်တယ်။ တချို့ကိုဖမ်းပြီး ပေါ်တာဆွဲတာတွေရှိတယ်”ဟု ပြောသည်။
ထိုသို့စစ်ကောင်စီတပ်၏ ပေါ်တာဆွဲနေမှုသတင်းကြောင့် လွိုင်ကော်မြို့အစွန်ရပ်ကွက်များရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သူက ဆက်ပြောသည်။
လွိုင်ကော်မြို့ရှိ ရပ်ကွက်အသီးသီးမှ ပြည်သူ ၄ဦးကို မေးမြန်းကြည့်ရာ စစ်ကောင်စီမှ ပေါ်တာဆွဲနေသည်မှာ မှန်ကန်ပြီး မည်သည့်ဒေသခံများပါဝင်သွားကြောင်းကိုမူ အသေးစိတ် မသိရသေးကြောင်း ၎င်းတို့ကဆိုသည်။
The 74 Media မှ မည်သည့် ဒေသခံများ ပေါ်တာဆွဲခံရသည်ကို အတည်ပြုနိုင်ရန်အတွက် ကြိုးစားနေဆဲဖြစ်သည်။

လွိုင်ကော်မြို့ ကောင်းကင်ယံတွင် မွန်းလွဲ သုံးနာရီခွဲအချိန်က ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်နေကြောင်း ဒေသခံများက ပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ