စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံး

ကချင်ပြည်နယ်အတွင်း ကေအိုင်အေနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တစ်လတာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီသေဆုံးခဲ့သည်။

ဧပြီလ ၁ ရက်နေ့မှ မေလ ၂၅ ရက်နေ့အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဒေသခံများ၊ မျက်မြင်တွေ့ရှိသူများနှင့် ကေအိုင်အေအရာရှိများကို အခြေခံထားသည့် သတင်းများကို လေ့လာဆန်းစစ်ကြည့်ပါက စစ်ကောင်စီတပ်အဖွဲ့ဝင် ၄၀၀ နှင့် ၅၀၀ အကြား သေဆုံးမှုရှိနိုင်သည်ကို တွေ့ရှိရသည်။
ဧပြီလ ၁၄ ရက်တစ်ရက်တည်းတွင် မိုးမောက်အခြေစိုက် ခမရ ၃၂၀ ၏ စစ်ကြောင်းသည် အလော့ဘွမ်တိုက်ပွဲတွင် အထိနာခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့သည်ဟု ကေအိုင်အေ၏ အဆင့်မြင့်အရာရှိတစ်ဦးက သတင်းဌာနများကို ဖြေကြားခဲ့သည်။
ထို့အပြင် မိုးမောက်မြို့နယ် ဆလောင်းကုန်း (တာဝါတိုင်ကုန်း)တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် မှားယွင်းဗုံးကြဲမိသဖြင့် သေဆုံးခဲ့မှုများ၊ မိုးကောင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်မှုများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများခဲ့သည့် တိုက်ပွဲများဖြစ်သည်။
ကေအိုင်အေက မေလ ၃ ရက်နေ့တွင် ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးနှင့် မံစီရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် မြို့နယ်ရဲမှူးသေဆုံးခဲ့မှုသည် လူသိများသည့် ဖြစ်ရပ်များဖြစ်သည်။
ကချင်ပြည်နယ်အတွင်း ဧပြီနှင့် မေလတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် မြို့နယ်များမှာ မိုးမောက်၊ မံစီနှင့် ဖားကန့်မြို့နယ်တို့ဖြစ်ကြပြီး ရွှေကူ၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ မိုးကောင်းနှင့် တနိုင်းမြို့နယ်များတွင်လည်း တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း ကေအိုင်အေဘက်ကလည်း ထိခိုက်မှုရှိခဲ့သော်လည်း အရေအတွက်မည်မျှကျဆုံးခဲ့သည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိပါ။
တိုက်ပွဲများတွင် လက်နက်ကြီးထိမှတ်သဖြင့် ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးခဲ့သည့် ပြည်သူများတွင် ကလေးသူငယ်နှစ်ဦးပါဝင်သည်။ လက်နက်ကြီးထိမှန်သဖြင့် ပြည်သူအချို့လည်း ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေလမ်း၊ ကုန်းလမ်းနှင့် လေကြောင်းမှတဆင့် စစ်အင်အားတိုးချဲ့နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ကေအိုင်အေအဆင့်မြင့်အရာရှိတစ်ဦးက ဒေသတွင်း သတင်းမီဒီယာတစ်ခုကို ဖြေကြားထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ