မင်းတပ်မြို့တွင် CDF နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ချီချောင်းကျေးရွာတွင် Chin land Defense Force (CDF) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ယနေ့နေ့လယ်ပိုင်းက တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

မင်းတပ်မြို့တွင် CDF နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်

 

CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား သုံးနာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“နေ့လယ် ၁၂ နာရီကတည်းကစပစ်နေကြတာ သုံးနာရီအထိဟုတ်တယ်။ စစ်တပ်က ရွာဘက်ကို ခြေလျင်နဲ့ရော ဆိုင်ကယ်ရော ကားမှာလည်း လက်နက်ကြီးတွေနဲ့ သွားကြတာ။ ရွာသားတွေက ခုခံပစ်ကြပြီး တိုက်ပွဲဖြစ်တယ်ကြားတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အင်အားတစ်ရာကျော်ဝန်းကျင်ရှိကာ မြို့အဝင် ထင်ချောင်းလမ်းခွဲတွင် လက်ဖြောင့်သေနတ်သမားများ စောင့်ဆိုင်းပစ်ခတ်နေပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သူကဆက်ပြောသည်။

ချီချောင်းကျေးရွာသည် မင်းတပ်မြို့နှင့် ဆယ်မိုင်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ရွာသားများ တောတောင်ထဲသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ