ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားပုံ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ် – စီဟက် ကျေးရွာတွင် ယမန်နေ့ မေလ ၂၀ ရက်နေ့ ည ၉ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“နှစ်ယောက်ထိတယ်။ တစ်ယောက်တော့ ပုခုံးမှာ လက်နက်ကြီးစထိတာ။ တစ်ယောက်က ဗိုက်မှာထိတာ ဟုတ်တယ်။ ပုခုံးမှာထိတဲ့ တစ်ယောက်က မနီလာ အသက်က ၃၇။ နောက်တစ်ယောက်က ဖိုးလိူင် အသက်က ၅၆ နှစ် ဗိုက်မှာထိတာ။ နှစ်ယောက်လုံး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟုသူကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအား ယနေ့နံနက် ၇ နာရီခန့်က ရွာမှ လူနာတင်ယာဉ်ဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု သူကဆက်ပြောသည်။
မိုးမောက် စီဟတ်နှင့် ကုန်းလောတို့တွင် စစ်ကောင်စီတပ်နှင့် KIA တို့ကြား ယမန်နေ့ မေလ ၂၀ ရက်နေ့ ညက ကျေးရွာအတွင်း လက်နက်ကြီးများ အများအပြားကျရောက်ခဲ့သည်။
ဒေသခံများ၏အဆိုအရ ကေအိုင်အေဘက်က ပစ်ခတ်သည့် အရေအတွက်နည်းပါးပြီး စစ်ကောင်စီဘက်က ပစ်ခတ်သည့် အရေအတွက် ပိုများသည်ဟု သိရသည်။

– ဝမ်းဗိုက်တွင် ဒဏ်ရာရရှိထားပုံ

သင့်ထင်မြင်ချက်ရေးပေးပါ