ဝိုင်းမော်မြို့တွင် ကချင်လူငယ်လေးဦးကို အရပ်ဝတ်နှင့် လက်နက်ကိုင်များ သေနတ်ထောက် ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် ယမန်နေ့ မေလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အရပ်ဝတ်နှင့် လက်နက်ကိုင်များ သေနတ်ထောက်ကာ လူငယ်လေးဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။

ဝိုင်းမော်မြို့တွင် ကချင်လူငယ်လေးဦးကို အရပ်ဝတ်နှင့် လက်နက်ကိုင်များ သေနတ်ထောက် ဖမ်းဆီးသွား

 

လာရောက်ဖမ်းဆီးချိန်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ ၁၀ ဦးခန့်က သေနတ်ဖြင့်ချိန်ပြီး ကချင်လူမျိုးများကိုသာ ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း အမည်မဖော််လိုသည့် နီးစပ်သူ တစ်ဦးက The 74 media ကိုပြောသည်။
“ရပ်ကွက် ၃ က တက်တူးဆိုင်မှာ ဖမ်းခံရတာ ကားအဖြူတစ်စီးပါတယ်၊ ဆိုင်ကယ် သုံးစီးလောက်ပါတယ်။ အရပ်ဝတ်နဲ့လာဖမ်းတာ၊ မင်းတို့ အခန်းထဲဝင်ဆိုပြီးပြောတယ်၊ စစ်ဆေးစရာရှိတယ် မေးမြန်းစရာရှိတယ် ဆိုပြီးတော့ လူမျိုးတွေ ဘာတွေမေးတယ်။ မင်းတို့ ဘယ်ကလဲ အောက်ပိုင်းက လားတဲ့၊ ဗမာဆိုရင် ရတယ် အေးဆေး ဘာမှ မဖြစ်ဘူးတဲ့၊ ကချင်ကောင်လေးတွေကိုပဲ ခေါ်သွားတယ်။ ဘယ်အဖွဲ့ကလည်း ဆိုတာ မပြောဘူး၊ ဖုန်းနှစ်လုံးပါသွားတယ် ဆက်လို့မရဘူး။ မိဘတွေနဲ့လည်း အဆက်အသွယ် မရသေးဘူး၊ ဘယ်ကိုဖမ်းခေါ်သွားလဲ မသိဘူး၊ ရဲစခန်းတွေမှာ ပြန်သွားမေးတာ မရှိဘူးလို့ပဲ ပြောတယ်” ဟု သူကပြောသည်။
ဖမ်းဆီးခံရသူများသည် နော်ဆန့်အောင် (၁၉)နှစ်၊ မုန်ရိန်အောင် (၁၇) နှစ်၊ မုန်ရိန် (၁၉)နှစ် ၊နော်နော် (၂၀)နှစ် တို့ဖြစ်သည်။

ယခု မေလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ လူငယ်များသည် အရပ်ဝတ်နှင့် လက်နက်မျာ၏ လိုက်လံဖမ်းဆီးမှုကို မကြာခဏဆိုသလို ကြုံနေရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ