ရာသီဥတုဆိုးဝါးနေသောကြောင့် မင်းတပ်စစ်ရှောင်ပြည်သူများ ပိုမိုခက်ခဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့မွန်းလွဲ နှစ်နာရီဝန်းကျင်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများကျသဖြင့် စစ်ဘေးတိမ်းရှောင်နေသည့်ပြည်သူများ ပိုမိုခက်ခဲနေသည်ဟု သိရသည်။

ရာသီဥတုဆိုးဝါးနေသောကြောင့် မင်းတပ်စစ်ရှောင်ပြည်သူများ ပိုမိုခက်ခဲနေ

 

လေပြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“လူတွေက မိုးလည်းမိထားတော့ ဖျားနာလာမှာတွေ စိုးရိမ်နေရတယ်။ ဆန်တချို့တော့ ပြန်လှမ်းရတယ်။ အဓိကက အရေးပေါ်ဆေးဝါးလေးတွေက ပိုလိုအပ်နေတယ်။ ၁၄ ရက်လောက်ကတည်းက ဒီနေ့ထိ လက်နက်ကြီးနဲ့ သေနတ်တွေရော အိမ်ထဲထိပစ်နေကြတယ်လို့ တောတောင်ထဲရှောင်တိမ်းနေရတယ်”ဟု ပြောသည်။
မင်းတပ်မြို့အဝင်အထွက်များကိုလည်း လွန်ခဲ့သည့် (၁၆)ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့များက တင်းကျပ်စွာပိတ်ထားပြီး လူနေအိမ်နှင့်ဆိုင်ခန်းများကို ဝင်ရောက်ဖျက်ဆီးခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီများက မင်းတပ်မြို့ပေါ်တွင် ယမန်နေ့မှစတင်၍ သောက်သုံးရေ ဖြတ်တောက်ထားသည်ဟုလည်း သိရသည်။

မင်းတပ်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် ဒဏ်ရာရသူများအပါအဝင် လူဦးရေ (၂၀၀)ကျော်ရှိပြီး တရားဝင်စစ်ရှောင်စခန်းဖွင့်နိုင်အောင် ညှိနှိုင်းဆောင်ရွက်နေကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ