နော်မွန်း

ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်တွင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အရာရှိနှင့် ရဝမ်ရိုးရာယဥ်ကျေးမှု ဥက္ကဌသည် ဒေသခံများအား ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် လိုက်လံစည်းရုံးခဲ့သော်လည်း လာရောက်တက်ရောက်သူ နည်းပါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နောင်မွန်မြို့နယ်ရှိ ကျေးရွာတိုင်းတွင် KIA အားတိုက်ထုတ်နိုင်ရန်အတွက်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် မေလ ၂ ရက်နေ့က လိုက်လံစည်းရုံးခဲ့ခြင်းဖြစ်သည်။
ထိုသို့လိုက်လံ စည်းရုံးခဲ့သော်လည်း လူသစ်များကို စည်းရုံးနိုင်ခဲ့ခြင်းမရှိဘဲ ယခင် ၎င်းတို့ ပြည်သူ့စစ်မှ လူဟောင်းများကိုသာ ပြန်လည်ခေါ်ယူခဲ့ရကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“သူတို့က လူသစ်က မစည်းရုံးနိုင်ဘူးပေါ့၊ ရှေ့က နားသွားတဲ့သူတွေကို ပြန်ခေါ်ပြီးမှ ပြန်သင်ပေးတာပေါ့၊ အသစ်ပြန်လာတက်တာက ၁၀ ယောက် လောက်ပဲရှိတယ်” ဟု ပြောသည်။
ခေါင်လန်ဖူးဌာနေပြည်သူ့စစ်သည် KIA အား တိုက်ထုတ်နိုင်ရန်အတွက် လိုက်လံစည်းရုံးမှုများအကြောင်း သတင်းမီဒီယာများတွင် ဖော်ပြပါဝင်လာသည့်နောက်ပိုင်းတွင် ယခင်လို စည်းရုံးလှုပ်ရှားမှုများကို မတွေ့ရတော့ကြောင်း သူက ဆက်ပြောသည်။
ပြည်သူ့စစ်အရာရှိနှင့် လိုက်လံစည်းရုံးမှုတွင် ရိုးရာဥက္ကဌလည်း ပါဝင်နေသောကြောင့် ရိုးရာအဖွဲ့အစည်းများသည် ရိုရာယဥ်ကျေးမှုနှင့်သာ သက်ဆိုင်သည့် အလုပ်များသာ လုပ်လျှင် မည်သည့်ပြသနာမျှ ဖြစ်လာနိုင်မည်မဟုတ်ဘဲ ရိုးရာနာမည်အား အသုံးပြု၍ နိုင်ငံရေးလုပ်ခြင်းများ လုပ်ခြင်းအားရပ်တန့်သင့်ပြီဖြစ်ကြောင်း နောက်ထပ် အမည်မဖော်လိုသော ရဝမ်လူမျိုးတစ်ဦးကပြောသည်။
ယခင်က ပြည်သူ့စစ်များသည် ပြည်သူများနှင့် အတူယှဥ်တွဲနေထိုင်ခဲ့ကာ ပြည်သူများအား ကာကွယ်ပေးခဲ့သော်လည်း ယခုအချိန်တွင် စစ်ကောင်စီများနှင့် ပူးပေါင်းပြီး လက်နက်အင်အားကြီးများဖြင့် ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့သည် ၂၀၀၅ ခုနှစ်တွင် ရှိန်းခေါင်အခြေစိုက် သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်အများစုမှာ ရဝမ်မျိုးနွယ်စုများ ဖြစ်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ