မိုးညှင်းမှ CDM ဆရာမများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးနေ

မိုးညှင်းမြို့နယ်တွင် ယနေ့ ညနေ ၁၀ နာရီခန့် မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ပညာရေးဝန်ထမ်းများကို နေအိမ်အထိ လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

လူတစ်ချို့၏ သတင်းပေးမှုများကြောင့် ဆရာ၊ ဆရာမများ၏ နေအိမ်အထိ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“တစ်မြို့လုံးနေရာ အတိကျလိုက်ဆွဲနေတယ်ထင်တယ်၊ အိမ်စီးကားတွေနဲ့ လိုက်ဖမ်းနေတာ၊ မိုးဒါးစုရပ်ကွက်၊ အရှေ့စု (၁) လမ်း နဲ့ စိမ်းတောင်တွေမှာ ဖမ်းသွားတယ်ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး၊ လေးယောက်လောက်ဖမ်းခံရတယ်ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဤသတင်း ရေးသားတင်ဆက်သည့် ည ၁၁ နာရီ ၁၀ မိနစ် အချိန်ထိ ဖမ်းဆီးမှုများရှိနေသေးကြောင်း ဒေသခံများက ၎င်းတို့၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြနေသည်။
– ယနေ့ည မိုးညှင်းတွင် ဖမ်းဆီးခံရသည့် ဆရာမ အေးမြသီတာ၏ ပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ