ရွှေစက်ရပ်ကွက်တွင် ဆန္ဒပြပွဲ၌ ပါဝင်သည်ဟုစွပ်စွဲခံရသည့် လူငယ်လေးဦးအဖမ်းခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု စွပ်စွဲကာ လူငယ်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အိမ်စီးကားနှစ်စီးတွင် အရပ်ဝတ်များနှင့် လက်နက်များကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ဆိုင်ကယ်ကိုရောစစ်တယ်။ ဘာတွေ့လဲတော့ ကျွန်တော်လည်း မသိဘူး၊ ဆန္ဒပြပွဲမှာ ပါဝင်တယ်ဆိုပြီးသူတို့က စစ်ဆေးတော့ ကလေးတွေကလည်း မဟုတ်ဘူးငြင်းပေမယ့် ကလေးနှစ်ယောက်ကိုခေါ်သွားတယ်။ ပြီးတော့ လမ်းသွားနေတဲ့ ဆိုင်ကယ်နဲ့ ကလေးနှစ်ယောက်ကိုလည်း ပြန်စစ်ပြီးခေါ်သွားတာ တွေ့လိုက်တယ်။ စုစုပေါင်း လေးယောက်ပေါ့”ဟုသူကပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော လူငယ်လေးဦးအား ကဝါးခ အမှတ် (၃) ရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ဆန္ဒပြရာ၌ သေဆုံးမှုများ ဖမ်းဆီးခံရမှုများ ရှိခဲ့သော်လည်း သပိတ်ကို နေ့စဉ် စဉ်ဆက်ပြုလုပ်လျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *