ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ၆၆ KV မဟာဓာတ်အားလိုင်းအတွင်းရှိ တိုင်အချို့တွင် ကြွေသီးတွဲများကွဲနေသောကြောင့် မေလ ၁၆ ရက်နေ့တွင် ပြန်လည်ပြုပြင်မည်ဖြစ်ရာ ထို​နေ့တွင် မီးအားလျော့နည်းမည်ဖြစ်ကြောင်းသိရသည်။


မီးအားနည်းမည့် မြို့နယ်ခွဲခြောက်ခုမှာ မိုးညှင်းခွဲရုံ၊ မိုးကောင်းခွဲရုံ၊ ဟိုပင်ခွဲရုံ၊ ဖားကန့်ခွဲရုံ၊ ဝိုင်းမော်ခွဲရုံနှင့် မြစ်ကြီးနားခွဲရုံအမှတ်၂ တို့ ဖြစ်သည်။

ကြွေသီးလဲချိန် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအချိန်အတွင်း ဗို့အားလျော့နည်းနိုင်ကြောင်း မိုးညှင်း- မိုးကောင်းမဟာဓာတ်အားလိုင်း စက်မှုလျှပ်စစ် ဒုဦးစီးမှူးက the 74 Media ကိုပြောသည်။

“၁၆ ရက်နေ့ တနင်္ဂနွေနေ့ အဲ့တစ်ရက်ပဲ။ မိုးကောင်း – မြစ်ကြီးနားလိုင်းက ကြွေသီးလဲမှာပေါ့။ ဒါပေမယ့် မီးတော့ မပျက်ဘူးလေ ဗို့အားတော့ လျော့နည်းနိုင်တယ်” ဟုသူကပြောသည်။
ကြွေသီးပြန်လည် ပြင်နေချိန်တွင် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရန်အတွက် အဆိုပါ မြို့နယ် ၆ခုရှိ လျှပ်စစ်ရုံများအား နဘားဓာတ်အားလိုင်းနှင့် ချီဖွေရေအားလျှပ်စစ်တို့မှတဆင့် အစားထိုးပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိမြစ်ကြီးနားမြို့နှင့် ဝိုင်း​မော်မြို့တို့တွင် စစ်​ကောင်စီလက်​အောက်ခံ မဟာဓါတ်အားလိုင်းထက် ဘူးဂါးလျှပ်စစ်မီးကိုသာ အဓိက သုံးစွဲလျှက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ