မြစ်ကြီးနားတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်တက်ရောက်ရန် ဝင်ခွင့်လျှောက်လွှာ လာရောက်ထုတ်ယူသူများရှိသည်ဟု မျက်မြင်တွေ့ရှိသူများထံက သိရသည်။

မြစ်ကြီးနားမြို့ရှိ ကျောင်းသား၊သူ အချို့သည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများလာရောက်ထုတ်ယူကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

” မြစ်ကြီးနား ထ ၃ ကျောင်းမှာဟုတ်တယ်။ ဒီမနက် ၁၀နာရီ နဲ့ ၁၁ နာရီဝန်းကျင်ပဲကို လာထုတ်တဲ့သူ ၂၀ ကျော်လောက်ရှိတယ်” ဟုပြောသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများလာရောက်ထုတ်ယူနိုင်ကြောင်းကို ယမန်နေ့က မြစ်ကြီးနား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင်ကြေညာထားပြီးနောက် ယနေ့လာရောက်ထုတ်ယူကြခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် မေလ ၁၀ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ထုတ်ပေးရန် ညွှန်ကြားထားကြောင်း ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

ယနေ့လျှောက်လွှာ လာရောက်ထုတ်ယူသူများသည် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ