ရွှေကူမြို့လေဆိပ်
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါသည့် “ပေါက်တန်း”သင်္ဘော ထပ်ခံပစ်ခတ်ခံရပြီး အနီးနားကျေးရွာရှိ ဒေသခံတစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ရွှေကူမြို့လေဆိပ်

“ပေါက်တန်း” သင်္ဘောသည် ယနေ့မနက် ၄ နာရီဝန်းကျင်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် ရွှေကူမြို့အလွန် “ငါးဘက်ဝ”ကျေးရွာအနီးတွင် ပစ်ခတ်ခံရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဝဲမ ဆင်စခန်းတို့ဘက်မှာ ပစ်ခတ်နေကြတာ။ ဒဏ်ရာရသူတွေရှိလို့ သင်္ဘောကိုစင်းခန်းရွာနားမှာ ရပ်ထားတယ်လို့ကြားတယ်။ မန်းလေးဘက်ကနေ ရိက္ခာနဲ့ လက်နက်တွေပါတယ်ပြောလို့ အခုလိုပစ်ခတ်တာလို့သိရတယ်”ဟု ပြောသည်။
ပေါက်တန်းသင်္ဘောကို လက်ရှိအချိန်တွင် စင်းခန်းကျေးရွာအနီး ရပ်နားထားသည်ဟု သိရသည်။
အဆိုပါပစ်ခတ်သံများကြောင့် “ဝဲမ”ဆင်စခန်းအနီးရှိ “ဇင်းဘုံ”ကျေးရွာမှ အသက် ၆၀ အရွယ် ဦးကျော်သန်းသည် ထိတ်လန့်မှုကြောင့် နှလုံးရပ်ပြီး သေဆုံးသွားသည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
သင်္ဘောပေါ်မှ ဒဏ်ရာရရှိသူများကို ဗန်းမော်ဆေးရုံကြီးသို့ ပို့ဆောင်နေသည်ဟုသိရပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ မသိရသေးပေ။
အလားတူ ရွှေကူမြို့တွင် လွန်ခဲသည့် မေ ၇ ရက်နေ့က ရွှေကူသို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သင်္ဘောနှစ်စီးပစ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ