ဖားကန့်တွင် သပိတ်ခေါင်းဆောင်ဟု စွပ်စွဲခံရသူကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဖမ်းဆီး
ဖားကန့်မြို့နယ် မမုံကျေးရွာတွင် သပိတ်ခေါင်းဆောင်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွပ်စွဲထားသူကို ဖမ်းမမိသဖြင့် သူ၏မိသားစုဝင်နှင့် အခြားဆက်စပ်သူ ၁၃ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖားကန့်တွင် သပိတ်ခေါင်းဆောင်ဟု စွပ်စွဲခံရသူကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဖမ်းဆီး

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မမုံကျေးရွာရှိနေအိမ်နှစ်အိမ်ကို ယနေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်ရှာဖွေမွှေနှောက်ကာ အမျိုးသမီးနှင့် ကလေးများအပါအဝင် သပိတ်ခေါင်းဆောင်နှင့် ဆက်စပ်သည်ဟု စွပ်စွဲထားသူ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
“အဓိကက သပိတ်ခေါင်းဆောင်ဆိုပြီး သူတို့စွပ်စွဲတဲ့သူကို ဒလန်က သတင်းပေးလို့ လာဖမ်းတာ၊ စစ်ကားတွေ ၉ စီးလောက် ရှိတယ်၊ လာဖမ်းသူက ထွက်ပြေးသွားတာ၊ သူ့ကို မမိတော့ သူ့မိသားစုရယ် အဲ့အိမ်က လူတွေရယ် အားလုံး ၁၃ ယောက် ဖမ်းသွားတာ၊ အိမ်ထဲကိုလည်း ဝင်မွှေသွားတယ်၊ စာရွက်စာတန်းတွေ အကုန်ယူသွားတယ်၊ လူကြီးတွေတော့ ပိုက်ဆံ ၁၅ သိန်းလည်း ပါတယ်ပြောတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူကို လိုက်လံဖမ်းဆီးစဉ် သေနတ်သံ သုံးချက်ကြားရသည်ဟု သူက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများတွင် သပိတ်ခေါင်းဆောင်ဟု စွပ်စွဲခံရသူ၏ အမျိုးသမီးနှင့် သားသမီးများပါဝင်သူဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
“သူတို့ လာဖမ်းတဲ့ သူကလွှတ်သွားတယ်၊ သူက သူ့အိမ်မှာ မနေတော့ သူ့မိသားစုကို ပြန်သွားဖမ်းတာ သူ့မိန်းမနဲ့ သား ၂ယောက် သမီးတစ်ယောက်ကို ဖမ်းသွားပြီ” ဟု ပြောသည်။
ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်း စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်ဆန္ဒထုတ်ဖော်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ (၃) ဦးရှိခဲ့ပြီး အသက်မပြည့်သူများအပါအဝင် ပြည်သူ (၅၀) ဦး အထက် ဖမ်းဆီး တရားစွဲဆိုခံထားရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ