ကေအိုင်အေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် တာဝါတိုင်ကုန်းအနီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့အကြား ရက်ပေါင်းအတန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကေအိုင်အေက အဆိုပါနေရာမှ စစ်ရေးနည်းဗျူဟာအရ နောက်ဆုတ်ထားသည်ဟု သိရသည်။

ကေအိုင်အေ

 

မိုးမောက်မြို့နယ်ရှိ တာဝါတိုင်ကုန်းသည် နှစ်ဘက်တပ်ဖွဲ့များအခြေချသည့် နေရာမဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားသည့် စစ်မြေပြင်တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ကေအိုင်အေက စစ်ရေးဗျူဟာအရ တပ်ဖွဲ့များကို ရွှေ့ပြောင်းနေရာချထားသည်ဟု ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ပြောသည်။
“အဲဒီနေရာက ကျွန်တော်တို့တပ်စခန်းချတဲ့နေရာမဟုတ်ဘူးလေ၊ ဟိုဘက်ဒီဘက် တိုက်ပွဲဖြစ်တဲ့ စစ်မြေပြင်နေရာပါ၊ လတ်တလောအခြေအနေအရ ကျွန်တော်တို့ စစ်နည်းဗျူဟာအရ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို နေရာရွှေ့ထားတာ၊ စစ်ကစားတဲ့သဘောပေါ့ဗျာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် ယမန်နေ့က တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်အကျအဆုံးရှိခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားမှုမရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
မိုးမောက်မြို့နယ် တာဝါတိုင်ကုန်းအနီး ယမန်နေ့ညပိုင်းမှစတင်ကာ သေနတ်သံများ မကြားရတော့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ညကတည်းက သေနတ်သံတွေ မကြားတော့ဘူး၊ စစ်ကောင်စီဘက်ကတော့ ဘက်ဟိုးတွေနဲ့ ကုတ်ပြီး တင့်ကားတွေ တက်သွားတယ်လို့ ကြားတယ်” ဟု ပြောသည်။
မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလောနှင့် စီဟတ်ကျေးရွာများတွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ကြာမြင့်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်၊ တိုက်လေယာဉ်နှင့် တင့်ကားများအသုံးပြုကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ