တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေ
ကချင်ပြည်နယ်ရှိမြို့ပေါ်ဒေသများတွင် ကေအိုင်အေက တိုက်ခိုက်ရန် ရာဇသံပေးထားသည်ဆိုသည့်သတင်းမှားနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓာတုလက်နက်အသုံးပြုသည်ဆိုသည့် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသည့်သတင်းများ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။

တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေ

 

အဆိုပါသတင်းမှားများကို Nbung Dat Kasa – Kachin Multimedia ဟုခေါ်သည့် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားပြီး ကေအိုင်အေက တိုက်ခိုက်ရန် ရာဇသံပေးထားသည်ဆိုသည့်သတင်းမှားကို တုံ့ပြန်သူ ခြောက်သောင်းကျော်နှင့် ပြန်လည်မျှဝေသူ လေးသောင်းငါးထောင်ကျော်ရှိကာ မှတ်ချက်ပေးသူ ခြောက်ထောင်ခန့်ရှိသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာ ကေအိုင်အို၏ တရားဝင်ထုတ်ပြန်ချက်များမဟုတ်ကြောင်း ကေအိုင်အိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“မြို့ပေါ်မှာတိုက်မယ်လို့ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပါဘူး၊ ရာဇသံပေးထားတာလည်း မရှိပါဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်မိုးမောက်မြို့နယ်တွင် စစ်ကောင်စီက ဓာတုလက်နက်များအသုံးပြုနေသည်ဆိုသည့်အကြောင်းအရာကိုလည်း ကေအိုင်အိုအနေဖြင့် စိစစ်နေဆဲဖြစ်သည်ဟု သူက ဆက်ပြောသည်။
“ဒီသတင်းက ကျွန်တော်တို့ရဲ့ စစ်ရုံးချုပ်က ထုတ်ပြန်တဲ့သတင်းမဟုတ်ဘူး၊ social media ကသတင်းပဲဖြစ်တယ်၊ အဲ့တာကြောင့် ဓာတုဗုံးက ကေအိုင်အို အနေနဲ့‌တော့ အတည်မပြုနိုင်သေးဘူး စိစစ်နေဆဲဖြစ်တယ်” ဟု ပြောသည်။
NBung Dat Kasa – Kachin Multimedia တွင်ဖော်ပြထားသည့် အဆိုပါသတင်းတွင် သတင်းရင်းမြစ်ကို ဖော်ပြထားခြင်းမရှိသလို မည်သည့်နေရာမှ ကိုးကားဖော်ပြသည်ကို ဖော်ပြထားခြင်းလည်းမရှိပါ။
NBung Dat Kasa – Kachin Multimedia ဆိုသည့် ဖေ့စ်ဘုတ်စာမျက်နှာကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် Myuzet ဟူသည့်နာမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၀ ရက်နေ့တွင် NBung Dat Kasa ဟူသည့်အမည်ကိုလည်းကောင်း ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် NBung Dat Kasa – Kachin Multimedia ဟူသည့်အမည်ကိုလည်းကောင်း ပြောင်းလဲခဲ့သည်။
NBung Dat Kasa ဆိုသည်မှာ ဂျိန်းဖောဘာသာစကားဖြစ်ပြီး NBung (လေ) Dat Kasa (ကိုယ်စားလှယ်) ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ