သပိတ်ဖြိုခွင်းရာတွင် ဖမ်းဆီးခံရသည့် အသက်မပြည့်သေးသူ ၄ ဦးကို ၅၀၅ (က) ဖြင့် အမှုဖွင့်
ဖားကန့်မြို့မှ မေလ ၂ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်ဖြိုခွဲခံရစဉ် ဖမ်းဆီးခံခဲ့ရသည့် အသက် (၁၈)နှစ် မပြည့်သေးသူ ၄ ဦးအား ခံဝန်ဖြင့် လွတ်ပေးခဲ့သော်လည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။

သပိတ်ဖြိုခွင်းရာတွင် ဖမ်းဆီးခံရသည့် အသက်မပြည့်သေးသူ ၄ ဦးကို ၅၀၅ (က) ဖြင့် အမှုဖွင့်

 

ဖားကန့်မြို့ လုံးခင်း၊ မှော်ဝမ်း စုပေါင်းသပိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖြိုခွင်းရာတွင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၁၂ ဦးရှိပြီး ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု ဖမ်းဆီးခံရသူများအား လိုက်လံကူညီပေးနေသူတစ်ဦးက The 74 media ကိုပြောသည်။
“ခု ဖမ်းခံထားရတဲ့၁၂ ယောက်လုံးကို ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တယ်၊ ကလေးတွေကိုတော့ ရဲ ခံဝန်နဲ့ မိဘလက်ပြန်အပ်တယ်။ အားလုံးကို အမှုတွဲတစ်တွဲတည်းပေါင်းဖွင့်ထာတယ်။ ကလေးတွေ တရားရုံးကို ကလေးသူငယ်အမှုနဲ့ ရောက်လာရင်တော့ အာမခံ ပြန်လျှောက်ဖို့လုပ်ရမယ်။ ၈ ယောက်ကတော့ ဖားကန့်မြို့နယ် ရဲစခန်းမှာပဲ ချုပ်ထားတုန်း ရှေ့နေတွေရော သူတို့ရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ခွင့်မရသေးဘူး။ ဒီလ ၁၂ ရက်နေ့ ရုံးချိန်းရှိတယ်။” ဟု သူကပြောသည်။
ဖမ်းဆီခံရသူ ၁၂ ဦးတွင် အသက် (၁၈) နှစ် မပြည့်သေးသည့် ကလေး ၄ ဦး၊ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်။
မေ ၂ ရက်နေ့က ဖားကန့်သပိတ်ဖြိုခွင်းရာတွင် အသက် ၃၃ နှစ်အရွယ် ကို ဝေဖြိုးကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။
ဖားကန့်မြို့နယ်မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြရာတွင် ကျဆုံးသူ ၃ ဦးရှိပြီး ဖမ်းဆီးခံရသူ ၅၀ ကျော်တွင် အလွတ်တန်း သတင်းထောက်တစ်ဦးလည်းပါဝင်သည်။
ဓါတ်ပုံ – မေ ၂ ရက်နေ့က ဖားကန့် သပိတ်တွင် ရိုက်ကူးထားသောပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ