မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုပိတ်ပင်ရန် နိုင်ငံတကာအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ တိုက်တွန်း၊ တရုတ်နိုင်ငံက ကန့်ကွက်
လူ့အခွင့်အရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) က မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုပိတ်ပင်ရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုပိတ်ပင်ရန် နိုင်ငံတကာအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ တိုက်တွန်း၊ တရုတ်နိုင်ငံက ကန့်ကွက်

 

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တရားမဝင်အာဏာသိမ်းခဲ့သည့် စစ်တပ်ကို “ဘယ်အစိုးရကမှ ကျည်ဆန်တစ်တောင့်တောင် မရောင်းသင့်ဘူး” ဟု အဆိုပါအဖွဲ့များက ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကို ကန့်သတ်နိုင်ရန် တစ်ကမ္ဘာလုံးက လက်နက်ရောင်းချတင်ပို့မှုကို ပိတ်ဆို့ခြင်းသည် လိုအပ်သည့် အဆင့်တစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီတပ်ရဲ့ အတိုင်းအဆမရှိ သတ်ဖြတ်နေမှုကို တားဆီးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထူးခြားတဲ့ အာဏာကို သုံးပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လက်နက်တင်ပို့တာကို ပိတ်ဆို့သင့်ပါတယ်” ဟု ဩဇာတိက္ကမကြီးမားသည့် လူ့အခွင့်အရေးအဖွဲ့ Amnesty International အဖွဲ့မှ Lawrence Moss က ပြောသည်။
စစ်ကောင်စီက ဆန္ဒပြပြည်သူများကို လနှင့်ချီအကြမ်းဖက်သတ်ဖြတ်နေမှုများဖြစ်ပေါ်နေသဖြင့် အဆိုပါအဖွဲ့အစည်းများက တောင်းဆိုခြင်းဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရရှိထားသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က ထိုသို့သောပိတ်ဆို့မှုများကို ကန့်ကွက်ထားသည်။
ဗီတိုအာဏာရရှိထားသည့် တရုတ်နိုင်ငံ၏ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဇန်းဂျွန်က “ကျွန်တော်တို့ကတော့ ပိတ်ဆို့အရေးယူမှုကို သဘောမတူဘူး” ဟု တင်္နလာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး သံတမန်ရေးရာသည်သာ လက်တွေ့ကျသည်ဟု ဆိုသည်။
ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် စစ်ကောင်စီတပ်များကို လက်နက်ရောင်းချတင်ပို့နေသည့် နိုင်ငံများဖြစ်ကြပြီး မေလ ၃ ရက်နေ့တွင် ကေအိုင်အေက ပစ်ချလိုက်သည့် Mil Mi-35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ရုရှားနိုင်ငံမှ ရရှိထားခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ