KIA solider

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ အလော့ဘွမ်​အနီးတွင် KIA တပ်မ​တော်နှင့် စစ်​ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အပြင်းအထန်ပစ်ခတ်နေသဖြင့် နှစ်ဖက်စလုံးအကျအဆုံးရှိသည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

“တိုက်ပွဲကဆက်တိုက်ဖြစ်ပြီး အပြင်းအထန်ပစ်နေတော့ နှစ်ဦးနှစ်ဖက်စလုံး အကျအဆုံးတော့များနေတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်က ယမန်​နေ့မှစတင်ကာ လက်နက်ကြီးများနှင့် တိုက်​လေယာဥ်များအသုံးပြုကာ အ​လော့ဘွမ်​တောင်​ခြေရှိ KIA တပ်ရင်း ၂၅ဘက်သို့ အဆက်အပြတ် ပစ်ခတ်နေ​ကြောင်းသူက ပြောသည်။
“မနေ့ကတည်းက အဆက်မပြတ်ပစ်နေတာ၊ လက်နက်ကြီးတွေနဲ့ ဗုံးတွေလည်းချတယ်။ အလော့ဘွမ်တောင်ခြေ မြို့သစ်ကုန်းလောဘက် KIA တပ်ရင်း (၂၅)ဘက်ရောပစ်တယ်။ အဲ့ဝန်းကျင်တစ်ဝိုက်က နေရာတကာကိုပစ်နေတာ။ မနေ့ကလေယာဉ်နဲ့ (၁၀)ပတ်လောက်ရှိမယ်ထင်တယ်။ ပတ်ပြီးပစ်နေတာ။ ဒီမနက်လည်း သုံးကြိမ်လေးကြိမ်လောက်ပတ်ပြီး အလော့ဘွမ်သွားတဲ့လမ်းမှာ ပစ်နေတာ”ဟု ပြောသည်။
အလော့ဘွမ်တပ်စခန်းအနီး (၅)ရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်များတပ်ဆွဲထားသည့် အလော့ဘွမ်တပ်စခန်းကို ကေအိုင်အေတပ်မ​တော်က မတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်။

ပုံ/ ၂၀၁၉ ခုနစ်က မိုး​ကောင်းမြို့နယ်အတွင်း​တွေ့ရ​သော KIA တပ်မ​တော်မှ စစ်သည်များ။

သင့်ထင်မြင်ချက်ရေးပေးပါ