စစ်​ကောင်စီဥက္ကဌ ဦးခက်ထိန်နန်

ကချင်ပြည်နယ် စစ်​ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၏ ပူတာအိုခရီးစဥ်အတွင်း ရဝမ်ရိုးရာယဥ်​ကျေးမှုအဖွဲ့အစည်းနှင့် ဘာသာ​ရေးအဖွဲ့အစည်းများကို ​ငွေ​ပေးစည်းရုံးခဲ့​ကြောင်းသိရသည်။

ဦးခက်ထိန်နန်မှ ပူတာအိုမြို့နယ်နှင့် မချမ်း​ဘော့မြို့နယ်အတွင်းရှိ ဘာသာ​ရေးအဖွဲ့အစည်းများအတွက် ၁၅သိန်းအပြင် ရဝမ်ရိုးရာယဥ်​ကျေးမှုအဖွဲ့အစည်းကို ၁၀သိန်း​ပေးအပ်ခဲ့​ကြောင်း ပူတာအို​ဒေသခံတစ်ဦးက​ပြောသည်။
“အဲ့ဒီပိုက်ဆံ​ကို မြို့နယ်အုပ်ချုပ်​ရေး ​ထွေအုပ်က​နေ တစ်ဆင့်​ပေးတာ။ ဘာသာ​ရေးနဲ့ ယဥ်​ကျေးမှုက​နေတစ်ဆင့် ပြည်သူ​​တွေကို စည်းရုံးတယ်လို့ပဲမြင်တယ်။ ။ ​​​အသင်း​တော်​တွေအ​နေနဲ့လည်း စစ်​ကောင်စီက ​ပေးတဲ့ ပိုက်ဆံ​တွေကို လက်မခံသင့်ဘူး” ဟုဆိုသည်။
အဆိုပါ​​ တွေ့ဆုံပွဲသို့ ခရစ်ယာန် ဂိုဏ်းကန​ပေါင်းစုံနှင့် ဗုဒ္စဘာသာ​မှ ​ဂေါပကများ တက်​ရောက်ခဲ့​ကြောင်းသိရသည်။
ဦးခက်ထိန်နန်သည် ဘာသာ​ရေးအဖွဲ့အစည်းများ၊ ရဝမ်ရိုးရာယဥ်​ကျေးမှုအဖွဲ့အစည်းနှင့် တွေ့ဆုံချိန်တွင် စစ်​ကောင်စီသည် အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းခြင်းဖြစ်​ကြောင်း​​ပြောသည်။
“အာဏာသိမ်းတာမဟုတ်ဘဲ အာဏာထိန်းတာလို့​ပြောတယ်။ စိတ်ပူစရာမလိုဘူး။ ဆန္ဒပြတာ​တွေ ငြိမ်သွားရင် ​ရွေး​ကောက်ပွဲပြန်လုပ်​ပေးမယ်လို့​ပြောတယ်၊ သူများ​တွေဘာ​ပြော​ပြော မယုံဖို့​ပြောတယ်” ဟု ​နောက်ထပ် ပူတာအို​ဒေသခံတစ်ဦးက​ပြောသည်။

ကချင်ပြည်နယ် စစ်​ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၊ ​ခေါင်လန်ဖူးပြည်သူ့စစ်​ခေါင်း​ဆောင် ရမ်ဒမ်တန် နှင့် USDP လွှတ်​​တော်ကိုယ်စားလှယ် ဦးရာဝမ်ဂျုံတို့သည် ဧပြီလ ၂၆ရက်​နေ့က ပူတာအို​ဒေသရှိ ဘာသာ​ရေးအဖွဲ့အစည်းများ၊ ရဝမ်ရိုးရာယဥ်​ကျေးမှုအဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ