ပညာရေးဒု-ဝန်ကြီး

ဖက်ဒရယ်ပညာရေးစနစ်သည် တိုင်းရင်းသားလူမျိုးများအတွက်သာမကဘဲ တစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အများပြည်သူပိုမိုသိရှိလာစေရန် ဆက်လက်လုပ်ဆောင်မည်ဟု ပညာရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါ်ဂျာထွယ်ပန်က The 74 Media ကိုပြောသည်။

“မြန်မာနိုင်ငံတဝှမ်းက ပြည်သူအားလုံးကိုပြောချင်တာက ဖက်ဒရယ်ပညာရေးစနစ်ဆိုတာ အားလုံးအတွက် အကျိုးရှိပါတယ်၊ တိုင်းရင်းသားတွေအတွက်ပဲမဟုတ်ဘူး။ အားလုံးအတွက် အကျိုးရှိမယ့် ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်မှာပါ၊ ဖက်ဒရယ်ပညာရေးနဲ့ပတ်သက်ပြီး သုတေသနလုပ်ထားတာတွေ အများကြီးရှိပါတယ်၊ ဒီဟာနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ချပြသွားဖို့ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲခွင့်ရရှိလာမည်ဖြစ်သည့်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနတစ်ခုလုံးက စိတ်အားထက်သန်နေသည်ဟု သူက ဆက်ပြောသည်။

“ပညာရေးက ပြုပြင်ပြောင်းလဲဖို့ အချိန်အများကြီးယူရမယ်လေ၊ နေ့ချင်းညချင်းပြင်လို့မရဘူး၊ ကျွန်မတို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနတစ်ခုလုံး၊ ဝန်ကြီးက အစပေါ့နော်၊ ဒီဖက်ဒရယ်ပညာရေးစနစ်ကိုသွားဖို့ အရမ်းစိတ်အားထက်သန်နေကြပါတယ်၊ ပညာရေးစနစ်ကိုပြုပြင်ပြောင်းလဲနိုင်မယ့် အခွင့်အလမ်းအပေါ်မှာပေါ့” ဟု ပြောသည်။

NLD အစိုးရလက်ထက်တွင် ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သော်လည်း ၂၀၀၈ အခြေခံဥပဒေတွင် အခြေခံထားသဖြင့် တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ပညာရေးစနစ်မဟုတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါ်ဂျာထွယ်ပန်သည် တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်အခြေစိုက် Institute of Liberal Arts and Sciences တွင် ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး သုတေသနစာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ