ဦးစုပြည့်ချမ်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မတ်လ ၂၇ ရက်နေ့က အလုပ်မှအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံခဲ့ရသည့် ဦးစုပြည့်ချမ်းသည် ဆေးကုသမှုခံယူနေရ‌သောကြောင့် မိသားစုဝင်များက စားဝတ်နေရေးအတွက် များစွာအခက်အခဲဖြစ်နေသည်ဟု သိရသည်။

ဗန်းမော်မြို့ ကမ်းနားလမ်း ရွှေဗန်းမော်ဆိပ်ကမ်းတွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အလုပ်မှအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပေါင်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကို ပြောသည်။
“သူကလုပ်ငန်းသွားရင်းနဲ့အပြန် ဆိုင်ကယ်ဝင်ယူတဲ့အချိန်ပစ်ခံရတာ၊ သူများပြေးတော့ သူလည်းပြေးတာလေဆိုင်ကယ်မောင်းပြီးတော့၊ အဲ့ဒါနောက်ကနေပစ်ခံရတာပြောတာပဲ၊ သပိတ်မှာပါတာမဟုတ်ဘူ အလုပ်လုပ်ရင်းအပြန်ဖြစ်သွားတာပါခင်ဗျ” ဟု ပြောသည်။
မိသားစုဝင်များအားလုံး ဖခင်ဖြစ်သူထံ မှီခိုနေရပြီး လက်ရှိအချိန်တွင် အလုပ်မလုပ်နိုင်သဖြင့် မိသားစုဝင်အားလုံး အကြပ်အတည်းဖြစ်နေသည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့အဖေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားတာဆိုတော့ အဲ့လိုဖြစ်သွားတော့ ကျွန်တော်တို့ကလည်းဒုက္ခရောက်နေတယ်၊ ဒဏ်ရာကတော့ ကုသနေတာပဲ ပေါင်ကတော့ရင်းတယ်လို့ပြောတယ် ၊ ဒီလကုန်ထိနေရမယ်လို့ပြောတယ်” ဟု သူကပြောသည်။

ဦးစုပြည့်ချမ်းသည် ပေါင်တွင်ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရုံသို့ခေါ်ဆောင်သွားကာ ယနေ့ထိ လူနာစောင့်မှလွဲ၍ ကျန်မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ