ဝန်ကြီးချုပ်

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီးများဖြစ်သော ဦးဒရှီလဆိုင်း၊ ဦးနေဝင်းတို့ကို လာမည့် ဧပြီလ (၆) ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်ရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု သိရသည်။

ထို့နေ့ ရုံးချိန်းတွင် တရားလိုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ပြောသည်။
ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများအားလုံး မိသားစုနှင့် ရုံးချိန်းများတွင် တွေ့ခွင့်ရသော်လည်း စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီမှာမူ ယခုချိန်အထိ မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သူက ပြောသည်။
“ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအားလုံးကတော့ မိသားစုနဲ့တရားရုံးမှာပဲတွေ့ရတယ်။ အမှုစစ်တဲ့ နေ့တွေ့တာပေါ့။ ဦးနော်လီကတော့ မိသားစုနဲ့ တစ်ခါမှ မတွေ့ရသေးဘူး။ ဟိုတစ်ခါရုံးထုတ်စစ်ဆေးတာကလည်း Video Conferencing ဖြစ်လို့လေ။ ဦးနော်လီကတော့ ၇ ရက်နေ့ ရုံးထုတ်မယ်” ဟု ပြောသည်။
ထို့အပြင် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေနှင့် ဝန်ကြီးများ တရားခွင်များတွင်သာ တွေ့ဆုံခွင့်ရပြီး သီးခြားတွေ့ခွင့်မရကြောင်း ၎င်းကပြောသည်။
“ဝန်ကြီးတွေနဲ့ ရှေ့နေတွေ့ခွင့်ရတာက တရားခွင်မှာနဲ့ အမှုစစ်တဲ့အချိန်ပဲတွေ့ခွင့်ရတာ။ သီးခြားတွေ့ခွင့်မရဘူး။ အရင်ကဆို ထောင်မှာ သွားတွေ့ရင် ခွင့်ပြုတယ်လေ။ အခုကတော့ ကိုဗစ် ၁၉ ကြောင့်ဆိုပြီး တွေ့ခွင့်မပေးဘူး” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ့ ဦးသက်ထွန်းဦးသည် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ၏ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့်အပြင် မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွင် ပါဝင်ချိန်၌ ဖမ်းဆီးခံခဲ့ရသော ပြည်သူလူထု ၁၀၀ ကျော်၏ အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသည်။

Photo Courtesy by unknown

သင့်ထင်မြင်ချက်ရေးပေးပါ