ဖားကန့် မြို့နယ်ရှိ ကျောက်စိမ်းမှော်အချို့တွင် ကုမ္ပဏီစောင့် ရဲတပ်ဖွဲ့များထွက်ပြေး

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မဇွပ်ယန်မှော်၊ ဆန်ခါမှော်၊ ကုဋေမှော် နှင့် ဖဝါမှော်များရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအချို့အား လုံခြုံရေးစောင့်ကြပ်ပေးသော ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည်ဟု လုံးခင်းဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါ မှော်များရှိ လုပ်ကွက်စောင့် ကုမ္ပဏီ ရဲတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ ကုမ္ပဏီစောင့် ရဲတပ်ဖွဲ့ဝင်များ မရှိတော့ကြောင်း လုံးခင်းဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းကနေ ရဲတပ်ရင်းတွေမရှိတော့ဘူး။ ရဲတွေ ၃၈ယောက် လောက်သေသွားတာ။ အခုဆို ရဲတွေနေတဲ့ အဆောင်ကို မရှိတော့ဘူး၊ ဖြုတ်လိုက်ကြပြီ။ ဒီမှော်တွေမှာ တာဝန်ယူနေတဲ့ ရဲတွေက ရဲတပ်ရင်း ၂၈ ဟုတ်တယ်။ သူတို့က အထူးတိုက်ခိုက်ရေးရဲတွေ၊ ရိုးရိုးရဲတွေ မဟုတ်ဘူး။ တိုက်ပွဲဝင်တဲ့ ရဲတွေ ဟုတ်တယ်။ အဲ့ဒါတွေနဲ့တိုက်ပွဲဖြစ်ခဲ့တာ” ဟု အဆိုပါ လုံးခင်းဒေသခံတစ်ဦးက ပြောသည်။
သို့သော်လည်း အဆိုပါမှော်များရှိ ကုမ္ပဏီအချို့တွင် ရဲ ၂ဦး ၃ဦးခန့် ရံဖန်ရံခါ လာရောက်စောင့်ပေးနေကြောင်း သူက ဆက်ပြောသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုတွင် ရဲတပ်ဖွဲ့ အနည်းဆုံး ၁၅ ဦးခန့် စောင့်ကြပ်တာဝန်ယူပေးနေကြောင်း ဖားကန့်ဒေသခံများကဆိုသည်။
ဧပြီလ ၃ ရက်နေ့၊ ယနေ့ နံနက်ပိုင်းတွင် မဇွပ်ယန်မှော်နှင့် ဆန်ခါမှော်အစပ်ရှိ ရတနာရွှေအိတ်ကုမ္ပဏီတွင် အလံဖြူများထောင်ထားကြောင်း ဒေသခံများက ဆိုသည်။
“အလံဖြူလည်းထောင်ထားတယ်။ အားလုံးကတော့ အမျိုးမျိုး အဓိပ္ပါယ်ထုတ်နေကြတယ်။ တစ်ချို့ကလည်း ကုမ္ပဏီကို ထိလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်လား။ ငြိမ်းချမ်းရေးအဓိပ္ပါယ်လား။ အလံဖြူတွေ အများကြီး ထောင်ထားတယ်။ ကုမ္ပဏီဆောင် တစ်ဆောင်လုံး နီးပါးစိုက်ထားတယ်” ဟု လုံးခင်းဒေသခံ နောက်တစ်ဦးကဆိုသည်။
အဆိုပါ ကုမ္ပဏီအနီးတွင် နေထိုင်သော လုံးခင်းဒေသခံနောက်တစ်ဦးက ယင်းကုမ္ပဏီဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များရှိပြီး ယနေ့နံနက်ပိုင်းမှ အလံဖြူထောင်ကာ ထွက်ပြေးသွားကြောင်းပြောသည်။
မည့်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ အလံဖြူထောင်ထားသည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်များကို ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခဲ့သည့် အချိန်တွင် ပိတ်သိမ်းခဲ့ပြီး ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် သတင်းများထွက်ပေါ်နေချိန်တွင် စစ်အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွင်းပြီးနောက် ကေအိုင်အေနှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။

Photo Courtesy by unknown

သင့်ထင်မြင်ချက်ရေးပေးပါ