စစ်ကောင်စီအမြောက်တပ်

မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီးတွင် ယမန်နေ့ည ၈နာရီ ခန့်က လက်နက်ကြီးကျည်ဆံနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

မရမ်းကျေးရွာအနီးတပ်စခန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မရမ်းကျေးရွာနှင့် တစ်မိုင်ခန့်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရွာသားတစ်ဦးက The 74 Media ကို ပြောသည်။
“၈ နာရီထိုးခါနီးကအသံတွေစကြားရပြီ၊ သေနတ်သံတွေအရင်ကြားရတယ်၊ လက်နက်ကြီးက ၈ နာရီ ၁၂ လောက်မှာ လက်နက်ကြီးသံကြားရတာပဲ၊ နောက်ထပ် ၈ နာရီ ၂၀ လောက်မှာပြန်ကြားရတယ်၊ ရွာနဲ့တစ်မိုင်ကျော်ကျော်လောက်မှာကျတာ” ဟု ပြောသည်။
မရမ်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအမြောက်တပ် ၃၇၂ တပ် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း ကေအိုင်အေတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး ရွှေကူ၊ ဖားကန့်၊ တနိုင်း၊ ပူတာအို အင်ဂျန်းယန်နှင့် မိုးကောင်းမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ