ပေါင်တွင်ကျည်ဆံထိမှန်သည့် အမျိုးသမီး၏ အခြေအနေတိုးတက်ကောင်းမွန်လာ

မတ်လ (၂၈) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရပ်ကွက်တွင်းပစ်ခတ်မှုကြောင့် ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

ပေါင်တွင်ကျည်ဆံထိမှန်သည့် အမျိုးသမီး၏ အခြေအနေတိုးတက်ကောင်းမွန်လာ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်တွင်း ပစ်ခတ်ခဲ့မှုကြောင့် ပေါင်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက်၄၄နှစ်အရွယ်အမျိုးသမီးသည် အခြေအနေတိုးတက်ကောင်းမွန်လာပြီး ဘေးက အကူတစ်ဦးဖြင့် အထိုင်အထိပြုလုပ်နေရသည်ဟု သူမ၏အမျိုးသားက THE 74 MEDIA ကိုပြောသည်။
“ပေါင်ကို ထုတ်ချင်းပေါက်သွားပေမယ့် ဆရာဝန်ပြောတာတော့ ပေါင်အရိုးမကြီးလဲ လွတ်တယ်ပေါ့နော် သွေးအရမ်းထွက်တာတွေတော့ မရှိတော့ဘူး ထိုင်တာ ထတာတော့ ဘေးက ကူရတယ် အခုအခြေအနေက သက်သာပါတယ် ဖြစ်တာက ဒီနေ့နဲ့ဆို ၅ ရက်ရှိပြီ” လို့ယင်းကပြောသည်။
ပေါင်တွင် ဒဏ်ရာရရှိသူသည် ဆန္ဒပြပွဲတွင် မပါဝင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူကပြောသည်။
“သူတို့ကရပ်ကွက်တွင်းမှာ ဝင်လာပြီးမှ ရမ်းပြီးမှ ပရမ်းပတာပစ်လိုက်တော့တာဘဲဆန္ဒပြတာလည်းမရှိဘူး သေနတ်သံတစ်ချက်နှစ်ချက်ကြားတဲ့အခါမှာ အမျိုးသမီးက အပေါ်က ကလေးတွေကိုသွားတက်ပြောတာပေါ့ ဝပ်လို့ပြောပြီးတာနဲ့ အောက်ကိုပြန်ဆင်းလာတာ ဆင်းလာတော့လှေကား အောက်နှစ်ထစ်ဘဲရောက်တာနဲ့ ရောမတံခါးကိုလည်း ဖောက်တယ် သူ့ပေါင်ကိုလည်းဖောက်ဝင်လာ တယ် ပြီးတော့မှ ဘီရိုတစ်လုံးကိုလည်း ဖောက်သေးတယ် ကျောက်နံရံကိုဖောက်ပြီးမှ ကျည်က မထွက်နိုင်ဘဲ နံရံကကွဲသွားတာပေါ့” ဟုသူကပြောသည်။
မတ်လ (၂၈) ရက်နေ့က ရမ်ပူရပ်ကွက်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူစုဖြိုခွင်းစဉ် ရမ်းတမ်းပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအမျိုးသမီးအပြင် အသက်၁၃နှစ်အရွယ် ယောင်္ကျားလေး တစ်ဦးလည်း ပါးတွင် ရာဘာကျည် ၅ ချက်နှင့် ပုခုံးတွင် နှစ်ချက်ထိ မှန်ခဲ့သည်။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ ယနေ့အချိန်အထိ ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် မတ်လ ၃၀ ရက်နေ့တွင် အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ