သစ်သီးအရောင်းတန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ သစ်သီးတန်းမှ ညအိပ်စောင့်သည့် အမျိုးသားတစ်ဦးကို ရဲများက မတ်လ ၃၁ ရက်နေ့ ညက မှားယွင်းဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားသော တရားခံတစ်ဦး ထွက်ပြေး လွတ်မြောက်သွားသည်ဟုဆိုကာ စခန်းနောက်ကျောဘက်ရှိ သစ်သီးတန်းတွင် ရဲများက ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သစ်သီးဆိုင်ပိုင်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။
“ည ၉ နာရီလောက်မှာ ရဲစခန်းက ဖမ်းထားတဲ့သူတစ်ယောက် အသီးတန်းဘက်ကို ထွက်ပြေးလာတယ်ဆိုပြီး သစ်သီးတန်းတစ်ခုလုံးကို ရဲတွေမွှေနှောက်ရှာကြတယ်။ ရဲတွေပြောတာတော့ အန်တီတို့ဆိုင်ဘေးက အုတ်တံတိုင်းကို ကျော်ပြေးတယ်ပြောတာပဲ။ ဆိုင်မှာ ညအိပ်စောင့်ပေးတဲ့ ဦးလေးကို ကြိမ်းမောင်းပြီးဖမ်းသွားကြတယ်။ လူမှားဖမ်းတယ်ထင်ပါရဲ့” ဟုသူကပြောသည်။
ဖမ်းဆီးခံရသူ အသက် ၅၀ ခန့်ရှိသည့် အမျိုးသား တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသူ၏ နီးစပ်သူဆွေမျိုးများနှင့် သစ်သီးတန်းပိုင်ရှင်များက သွားရောက်သက်သေခံသောကြောင့် ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။

ထွက်ပြေးလွတ်မြောက်သွားသော တရားခံကို ဖမ်းမိခြင်းရှိမရှိနှင့် ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ