ရန်ကုန်မှအလှူရှင်များက စစ်​ရှောင်များအတွက် စား​သောက်ကုန်များ​ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများအတွက် ရန်ကုန်မြို့ မှ အလှုရှင်များ၏ အလှူများကို ယနေ့ မတ်လ ၁၉ ရက်နေ့တွင် သွား​ရောက် လှူဒါန်းပေးခဲ့ကြောင်း သွားရောက်လှူဒါန်းပေးခဲ့သူများထံမှ သိရသည်။

ရန်ကုန်မှအလှူရှင်များက စစ်​ရှောင်များအတွက် စား​သောက်ကုန်များ​ထောက်ပံ့

 

မြစ်ကြီးနားမြို့ရှိ Trinity စစ်ရှောင်စခန်းနှင့် Jaw Masat စစ်ရှောင်စခန်းများရှိ ပြည်သူများထံ ဆန်၊ အာလူး၊ ကြက်သွန်၊ ကြက်ဥနှင့် နို့ စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မှ အလှူရှင်များက စာပေးပို့လာကာ စစ်ရှောင်များအတွက် အလှူငွေများ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု သွားရောက်လှူဒါန်းပေခဲ့သူ လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။
“ပြည်မကသူငယ်ချင်းတစ်ယောက်က စာပို့လာတယ်၊ အရင်ကဆိုရင် စစ်ရှောင်တွေဆိုရင် စာနာစိတ်သိပ်မရှိဘူးပေါ့နော်၊ အခုစစ်တပ်ကသူတို့ရဲ့သရုပ်မှန်ပေါ်လာတဲ့အတွက် တကယ်ကို အရမ်းအားနာမိတယ်တဲ့၊ပြည်မက ဗမာသူငယ်ချင်းတွေက သူတို့တတ်နိုင်သလောက်စုပြီးတော့မှပိုက်ဆံပို့ခဲ့တာ” ဟု ပြောသည်။
ယခင်က KIA အပေါ်တွင် သူပုန်အဖြစ်သာမြင်မိခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့လူမျိုးများအတွက် ဖက်ဒရယ်ဒီမိုကရေစီအတွက်ကြိုးစားနေကြသူများ ဖြစ်နေသည်ကို ၎င်းတို့က တွေ့မြင်လာရကြောင်းပြောသည်ဟု သူက ဆက်ပြောသည်။

မြစ်ကြီးနားမြို့ရှိ Trinity စစ်ရှောင်စခန်းသည် လူဦးရေ ၉၀၀ ကျော်နှင့် Jaw Masat စစ်ရှောင်စခန်းတွင် လူဦးရေ ၆၀၀ ကျော်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ