မြစ်ကြီးနားတွင် ကိုဗစ်ကာကွယ်ဆေးထိုးသူတစ်ဦး

မြစ်ကြီးနားတွင် ကိုဗစ်၁၉ ကာကွယ်ဆေးထိုးသူတစ်ဦး သံသယဖြစ်ဖွယ်အခြေအနေဖြင့် သေဆုံးသွားသည်ဟု သေဆုံးသူ၏ ဇနီးဖြစ်သူထံမှ သိရသည်။

အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ အသက်(၃၈) နှစ်အရွယ်ရှိသည့် အမျိုးသားတစ်ဦးသည် မတ်လ (၆)ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီး (၅)ရက်အကြာ မတ်လ (၁၁)ရက်နေ့တွင် ရောဂါအခံမရှိဘဲ မင်္သကာစရာလက္ခဏာများဖြင့် သေဆုံးသွားသည်ဟု ဇနီးဖြစ်သူက The 74 Media ကိုပြောသည်။
“ကာကွယ်ဆေးထိုးပြီးတဲ့နေ့ကအကောင်းအတိုင်းပဲရှိသေးတယ်၊ နောက်ရက်အလုပ်လုပ်နေရင်း လဲကျသွားတာ၊ ပါးစပ်ကအမြုပ်တွေထွက်လာပြီး သတိလစ်သွားတာ။ အဲ့ဒါနဲ့ ဒေါက်တာစန်းမြင့်ဆီသွားရအောင်ဆိုတာကို သူကကာကွယ်ဆေးက တပ်ဆေးရုံမှာ ထိုးထားတာဆိုတော့ သူ့စိတ်ထဲမှာ သူကသတိရတယ်။ စစ်တပ်ဆေးရုံမှာသွားရအောင်လို့ပြောတယ်။ အဲ့မှာ အဲ့ဆေးကို နည်းနည်းသံသယတော့ ရှိတာပေါ့။ ကိုဗစ်၁၉ ကာကွယ်ဆေးထိုးလို့ ဆုံးသွားတာလို့ ထင်မိတာပေါ့နော့။ ကိုဗစ်ကာကွယ်ဆေးက ကြားသလောက်တော့ ကံစမ်းမဲလိုဖြစ်တော့ မထိုးတာက ပိုကောင်းတယ်လို့” ဟု သူမက ပြောသည်။
သေဆုံးသူသည် မူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ဘဲ မတည့်သည့်ဆေးဝါးများမရှိသည့်အပြင် အစားမှားယွင်းမှုလည်းမဖြစ်နိုင်ကြောင်း သူမက ဆက်ပြောသည်။
ရွှေစက်ရပ်ကွက်တွင်နေထိုင်သည့် သေဆုံးသူနှင့် လက်ထပ်ထားသည်မှာ လပိုင်းသာရှိသေးပြီး ခင်ပွန်းဆုံးသွားတဲ့အတွက် ယူကြုံးမရဝမ်းနည်းမိသည့်အပြင် ထိခိုက်နစ်နာမှုများရှိသည်ဟု သူမက ဆက်ပြောသည်။
“ဒီအိမ်မှာက သူနဲ့ကျွန်မနဲ့နှစ်ယောက်ပဲ ရှိတယ်ဆို‌တော့ အခုကျွန်မလည်း ကိုယ်ဝန်နဲ့ဆိုတော့ အခက်အခဲတော့ အများကြီးရှိတာပေါ့” ဟု ပြောသည်။

မြစ်ကြီးနားမြို့အတွင်း ကိုဗစ်၁၉ ကာကွယ်ဆေးကို အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်စီမံကောင်စီဥက္ကဋ္ဌ၏အစီအစဉ်ဖြင့် မတ်လ(၅)ရက်နေ့တွင် အစိုးရဝန်ထမ်းများကို ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ