နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ စကာတင်စာရင်းတွင် ကချင်လူငယ်တစ်ဦးပါဝင်

နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်သည့် World Press Photo ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကချင်ဓာတ်ပုံဆရာတစ်ဦး၏ ဖားကန့်ဒေသအခြေအနေကို မီးမှောင်းထိုးပြသည့် Temple and Half-Mountain အမည်ရ ဓါတ်ပုံသည် နောက်ဆုံးစကာတင်စာရင်းတွင် ပါဝင်ခဲ့ကြောင်းသိရသည်။

World Press Photo ဓာတ်ပုံပြိုင်ပွဲသည် ဓာတ်ပုံဆရာများ၏ တစ်နှစ်သာရိုက်ကူးထားသည့် ဓာတ်ပုံများကို ပေးပို့ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ပုံအမျိုးအစားဖြစ်သည်ဟု ဓာတ်ပုံရိုက်ကူးခဲ့သည့် ကိုခွန်းလတ်က The 74 Media ကိုပြောသည်။
“အဓိကကဘာလဲဆိုတော့ ဒီသဘာဝပတ်ဝန်းကျင်ပျက်စီးမှုဘယ်လောက်ထိရှိလဲဆိုတဲ့ဟာပေါ့၊ ဒီဘက်မှာမပြိုသဘာဝအတိုင်းကျန်ရှိသေးတဲ့မြေတွေနဲ့ ဒီဘက်ဘေးကဟာ ဒီကုမ္ပဏီတွေကယန္တယားအကြီးတွေနဲ့တူးဖော်ပြီးတော့ကုန်သွားတဲ့ဟာတွေပေါ့၊ ဒီဓာတ်ပုံတစ်ပုံကြောင့်နိုင်ငံတကာမှာရှိတဲ့လူတွေက ပိုပြီးတော့သိသွားမှာ၊ ကျောက်စိမ်းတွင်းကြီးဟာဘယ်လောက်ထိသဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေလဲဆိုတာကိုပေါ့” ဟု သူကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆုရစာရင်းဝင်သူဖြစ်ပြီး ဓာတ်ပုံရိုက်ကူးရန် ငါးရက်ခန့်အချိန်ပေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ဒီ nomination ဝင်တာ ဒီမြန်မာနိုင်ငံကဆိုရင် ကျွန်တော် ပထမဦးဆုံးပါ၊ အဲ့တော့အရမ်းဝမ်းသာတာပေါ့၊ ကျွန်တော်သွားတုန်းကတော့ငါးရက်လောက်ကြာတယ်၊ ခရီးမှာပေါ့၊ ဒီလိုပဲ တစ်မှော်ပြီးတစ်မှော် လျှောက်သွားပြီးရိုက်တာပေါ့၊ သွားရင်းနဲ့ နောက်ဆုံးတော့ အဲ့ဒီနေရာကိုရောက်ခဲ့တာပါ” ဟု ပြောသည်။
World Press Photo ဓါတ်ပုံပြိုင်ပွဲ၏ ပထမ၊ ဒုတိယနှင့် တတိယဆုတို့ကို လာမည့် ဧပြီလတွင် ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသည့်ဓာတ်ပုံဆရာများအား နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် ဆုပေးပွဲအစီအစဉ် ကျင်းပလေ့ရှိကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် အာရှမှ စကာတင်စာရင်းဝင်သည့် ငါးနိုင်ငံတွင် မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အိန္ဒိရနှင့် အင်ဒိုနီးရှားနိုင်ငံတို့ပါဝင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ