တရားလွှတ်တော်ရှေ့နေဦးတင်ထွန်းသိန်

မြစ်ကြီးနားအခြေစိုက်တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းကို ယနေ့နေ့လယ်ပိုင်းက စစ်အာဏာသိမ်းကောင်စီအဖွဲ့ဝင်များက ခေတ္တထိန်းသိမ်းခဲ့သည်ဟု သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အတွင်း ဖမ်းဆီးခံရသူများအတွက် ဥပဒေကြောင်းအရကူညီရန် ပြည်နယ်ကောင်စီရုံးသို့ စာသွားတင်ပြီး အပြန်တွင် ရဲတပ်ဖွဲဝင်များက ခေတ္တလိုက်ခဲ့ရန်ပြောဆိုကာ အမှတ်(၁)ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဦးတင်ထွန်းသိန်းက The 74 Media ကိုပြောသည်။
“ကျနော် မနက်က ပြည်နယ်ကောင်စီ ဥက္ကဋ္ဌဆီကို ဖမ်းဆီးခံရတဲ့သူတွေက ဥပဒေအရ ခုခံချေပခွင့်တွေမရရှိတဲ့အတွက်ကြောင့် လိုအပ်သွားလေးတွေ ကူညီဖို့ စာသွားတင်တယ်။ ၁၀ နာရီလောက်မှာ စာသွားတင်ပြီး ၁၁ နာရီလောက်မှာ ပြန်ထွက်လာတယ်။ ကားပါကင်လည်းရောက်ရော အရပ်ဝတ်နဲ့ရော၊ ရဲတွေရော ၁၅ယောက်လောက် ရောက်လာပြီး အမှတ်(၁) ရဲစခန်းကို ခဏလိုက်ခဲ့ပါဆိုပြီးခေါ်တယ်။ ဘာကိစ္စရှိလို့လဲလို့မေးတော့ စခန်း ခဏလိုက်ခဲ့ပါလို့ပြောတယ်။ အဲ့ဒါနဲ့စခန်းကိုလိုက်သွားတယ်။ ဟိုရောက်တော့…ဘာကိစ္စရှိလို့လဲ တိုင်ထားတာရှိလား၊ အမှုဖွင့်ထားတာရှိလာလို့မေးတော့…ဘာမှမရှိပါဘူးတဲ့ ..ခဏထိန်းသိမ်းထားပါပြောလို့ အထက်ကပြောလာလို့ ထိန်းသိမ်းထားတာပါလို့ပြောပါတယ်။ ၁၁နာရီလောက်ကနေ နေ့လယ် ၁ နာရီလောက်ကျမှ မြို့နယ်ရဲမှူးနဲ့ခရိုင်ရဲတပ်ဖွဲ့ မှူးက ခေါ်ပြီး အထက်က ခဏထိန်းသိမ်းထားပါဆိုလို့ ထိန်းသိမ်းထားတာပါလို့ပြောတယ်။ အရေးယူဖို့အချက်အလက်တွေမရှိပါဘူး၊ ပြန်လွတ်ပေးပါမယ်ဆိုပြီး ပြန်လွတ်ပေးခဲ့တာပါ” ဟု သူကပြောသည်။
ရဲစခန်းတွင် ၂နာရီကြာ ထိန်းသိမ်းခံရချိန်အတွင်း သူ၏ ကိုယ်ရေးအချက်အလက်တစ်ချို့ မေးမြန်းကြောင်း သူက ဆက်ပြောသည်။

ဦးတင်ထွန်းသိန်းအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အတွင်းဖမ်းဆီးခံရသူများသည် မိသားစုနှင့်တွေ့ခွင့်မရခြင်း၊ ရှေ့နေများနှင့်တွေ့ခွင့်မရခြင်းတို့ကြောင့် ဥပဒေအရ အပြည့်အဝ ခုခံချေပခွင့် မရရှိတဲ့အပြင် ရုံးထုတ်စစ်ဆေးချိန်တွင် ကြုံတွေ့နေရသော အခက်အခဲများအား တွေ့ဆုံညှိနှိုင်းလိုသောကြောင့် ပြည်နယ်ကောင်စီဥက္ကဌအား စာတင်ခဲ့ကြောင်းသူကဆိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ