ပြောက်ကျားသပိတ်မှ ဒိုင်းကာတစ်ဦးကို ၅၀၅ (က) ဖြင့် အမှုဖွင့်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ ၆ရက်နေ့ တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွင် ဖမ်းဆီးခံရသည့် ကိုနောင်နောင်(ခ) ကိုထွန်းနောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ပြောက်ကျားသပိတ်တွင် ဒိုင်းကာဖြင့် ရှေ့ဆုံးမှပါဝင်သည့် ဓာတ်ပုံကို ရဲတပ်ဖွဲ့ဝင်များကသတင်းဂျာနယ်တစ်ခုမှ တွေ့ရှိခဲ့သဖြင့် တရားစွဲဆိုခံထားရသည်ဟု ကိုနောင်နောင်၏ရှေ့နေဖြစ်သူက The 74 Media ကိုပြောသည်။
“မနေ့က အမှတ် ၁ စခန်းမှူးနဲ့တွေ့တော့ ကိုနောင်နောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုထားတယ်ဗျ၊ သူတို့ အပြောအရ တော့ ဆန္ဒပြတဲ့နေ့ က ဒီဂျာနယ်တစ်ခုမှာဖော်ပြချက်အရဆိုရင် သူ့ပုံကဒိုင်းအကာလည်းပါတယ်ပေါ့နော်၊ အဲ့ဒါကိုသူတို့ရထားတယ်ပြောတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူက ၅၀၅-ကနဲ့ စွဲတယ်လို့ ကနဦးသိရတယ်” ဟုပြောသည်။
ကိုထွန်းနောင်(ခ) ကိုနောင်နောင်သည် ဒဏ်ရာအနည်းငယ်ရရှိထားသည်ဟု သူက ဆက်ပြောသည်။
“ထောင်ဘက်က ဖုန်းခေါ်လာတယ်၊ သူ့ကို ဖုန်းပြန်ခေါ်လို့မရဘူးဆိုတော့ ထမင်းပဲသွားပို့ပါတဲ့၊ ဒဏ်ရာရထားတာ ရှိတော့ရှိတယ် ကြီးကြီးမားမားမရှိဘူးလို့ ပြောတယ်” ဟု ဆိုသည်။

ကိုနောင်နောင်သည် မတ်လ ၆ ရက်နေ့တွင်ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းတွင် တစ်ည၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တစ်ညထိန်းသိမ်းခံခဲ့ရပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ