ဝိုင်းမော်မြို့နယ်ရှိနေအိမ်တစ်အိမ်တွင် သံပုံးတီးခတ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ရပ်ကွက် ၃ ရှိနေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီလ ၂၁ ရက် ည ၈ နာရီခန့်က
စစ်အာဏာရှင်ဆန့်ကျင်ရေးသံပုံးတီးခတ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟုသိရသည်။

လူသုံးဦးပါဝင်သည့် လက်နက်ကိုင်လူတစ်စုက Light Truck မော်တော်ယာဉ်ဖြင့် နေအိမ်ရှိရာလမ်းကြားထဲသို့ ဝင်ရောက်ခဲ့ပြီး
သေနတ် ခြောက်ချက်ပစ်ဖောက်ခဲ့သည်ဟု ရပ်ကွက် ၃ နေ ပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။
“Light truck ကားနဲ့ လမ်းကြားထဲဝင်ပြီး ပထမအခေါက်မှာ သေနတ်လေးချက်ဖောက်တယ်၊
ဒုတိယတစ်ခေါက်မှာ နှစ်ချက်ဖောက်တယ်၊ ခြံဝင်းအုတ်တံတိုင်းကို ထိသွားတယ်” ဟုပြောသည်။
သေနတ်ပစ်ဖောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သူကဆက်ပြောသည်။
သေနတ်ပစ်ဖောက်ခဲ့သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မသိကြောင်း သေနတ်ပစ်ခတ်ခံခဲ့ရသည့် ရပ်ကွက်နေ ပြည်သူများက ပြောသည်။
ဝိုင်းမော်မြို့နယ်သည် မြစ်ကြီးနားမြို့၏ တစ်ဘက်ကမ်းတွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ တစ်သိန်းကျော်နေထိုင်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ