ရွှေကူမြို့နယ် ဗန်းမော် – မန္တလေးအဝေးပြေးလမ်းမပေါ် အထက်လေးလမ်းဆုံရှိ လောင်းကစားဝိုင်း ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ည ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးက နှစ်လုံးကွဲတာတဲ့။ ဒဏ်ရာရတဲ့ပြည်သူများတယ်လို့ကြားတယ်။ လောင်းကစားဝိုင်းလာတဲ့သူတော်တော်များများမှာထိကြတယ်၊ ခေါင်းကိုမိုင်းစမှန်တဲ့သူရော ရှိတယ်တဲ့။ ဒဏ်ရာရတဲ့လူတွေထဲမှာ ကျွန်တော်တို့ ရပ်ကွက်ကလည်းပါတယ်။” ဟုပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူအချို့မှာ ရွှေကူဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သူကဆက်ပြောသည်။

ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဟု မသိရှိရသော်လည်း ရွှေကူ PDF က မေလ ၂၆ ရက်တွင် စစ်ကောင်စီလက်ပါးစေများနှင့် လောဘ်ပေးချိတ်ဆက်၍ လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်၍ မလိုလားအပ်သော အန္တရာယ်များမဖြစ်ပေါ်စေရန် ပြည်သူများအနေဖြင့် ထိုနေရာများသို့ လုံးဝ သွားရောက်ခြင်းမပြုလုပ်ရန် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာတွင်လည်း ယမန်နေ့ည ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ကေအိုင်အေပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလှုံခဲ့ရကြောင်း ဒေသခံပြည်သူများထံက သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် နိုဝင်ဘာ ၈ရက်နေ့ကလည်းဧရာဝတီမြစ်ကမ်းဘေးရှိ ကျောက်ကြီးကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ