စစ်ကောင်စီတပ်ဖွဲ့ဝင်များတင်ဆောင်လာသည့် သင်္ဘောနှစ်စီး ယနေ့ညနေ ၅နာရီခန့်တွင် ရွှေကူမြို့နယ်၊ ဘိုကုန်းကျေးရွာအနီး၌ ပစ်ခတ်ခံရပြီး တစ်စီးကိုလက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန်ခဲ့သည့် သင်္ဘောသည် ရပ်တန့်သွားသော်လည်း ထပ်မံဆန်တက်သွားသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဘိုကုန်းရှေ့မှာပစ်တုန်းက နောက်ကတစ်စီးထိတယ်။ သာယာကုန်းအရှေ့နားမှာ ရပ်နေတာအကြာကြီးပဲ။ သင်္ဘောထိပြီး တစ်စီးကနောက်မှာကျန်ခဲ့တာ ပြန်လှည့်ပြီးသွားကြိုနေတာ။ သင်္ဘောနားကပ်ပြီး သွားတွဲမယ့်အနေအထား အဲ့ချိန်မှာ လက်နက်ကြီးမှန်တဲ့သင်္ဘောက ဖြည်းဖြည်းလေးတက်သွားတာ” ဟု ပြောသည်။

သင်္ဘောပစ်ခတ်ခံရသောကြောင့် စစ်ကောင်စစ်တပ်များ သေဆုံးမှုရှိနိုင်သည်ဟု တခြားဒေသခံတစ်ဦးက ထပ်မံအတည်ပြုပြောပြသည်။

“ရိက္ခာနဲ့ လက်နက်သယ်တယ်လို့ကြားတယ်။ လူအင်အားတော့ သိပ်မများဘူး။ အထဲမှာဝင်နေရင်တော့ မသိတက်ဘူး။ နောက်အစီးက စစ်သားတွေ ပေါ်တင်ကြီးနေနေတာ။ အဲ့နေရာ အပစ်မခံဘူးတော့ ပေါ့နေတာဖြစ်မယ်။ အဲ့အစီးပဲ ချက်ကောင်းမှန်တာဆိုတော့ အသေအပျောက်တော့ရှိနိုင်တယ်” ဟုပြောသည်။

ပစ်ခတ်ခံရသည့် သင်္ဘောနှစ်စီးမှ တစ်စီးသည် မြစ်ကမ်းဘေးရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သွားပြီး ယနေ့ည ၈ နာရီခန့်တွင် ရွှေကူသို့ဆိုက်ရောက်ခဲ့သည်ဟု သတင်းရင်းမြစ်နောက်တစ်ဦးက ပြောသည်။

“သင်္ဘောနှစ်စီး ရွှေကူရောက်ပြီ။ ပစ်နေတာ တော်တော်ကျယ်တယ်။ အနောက်ကအစီးက မပစ်ဘူး။” ဟုပြောသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီသင်္ဘော မကြာခဏပစ်ခတ်လေ့ရှိပြီး စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်များတင်ဆောင်လာသည့် သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သောကြောင့် ရွှေဘုံသာကျေးရွာမှ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ